တောင်ကြီး ဇန်နဝါရီ-၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ(၂၅)ရက်၊ နံနက်(၇)နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ မကြာမီစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းအပြင် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူတို့သည် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံသို့ သွားရောက်ကာ ဆေးရုံဝန်းအတွင်းခြင်များ၊ ယင်ကောင်များ၊ ခိုအောင်းပေါက်ဖွားမှုမရှိစေရန် ချုံ၊ နွယ်၊ မြက်ပင်များ၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန် ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ်က ရေနုတ်မြောင်းများထားရှိရန်၊ ဆေးရုံအတွင်းအပြင် စည်းကမ်းစနစ်တကျရှိစေရေး၊ မလိုအပ်သော အဆောက်အဦများလည်း စနစ်တကျသန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရေးတို့ကို စဝ်စံထွန်း ဆေးရုံအုပ်ကြီးအား မှာကြားခဲ့ပြီး ဆေးရုံဝန်းအတွင်း ဆက်သွယ်ရေးကေဘယ်ဖုန်းလိုင်းကြိုးများ ရှုပ်ပွနေသဖြင့် စနစ်တကျဆောင်ရွက်ထားရှိရန် သက်ဆိုင်ရာဌာနများကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်သာယာအဝင်မုဒ်ဦးဆောင်ရွက်နေမှု၊ ကန်အတွင်းသန့်ရှင်းဆောင်ရွက်နေမှု၊ အုတ်တံတိုင်း ကာရံနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်၍ သက်ဆိုင်ရာဌာနအား မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး