ညောင်ရွှေ ဇန်နဝါရီ-၂၂
(၇၈)ကြိမ်မြောက် ကျောင်းတိုက်နှစ်ပတ်လည်အထိမ်းအမှတ်နေ့ပူဇာနှင့် (၇၂)ကြိမ်မြောက် ဝိနည်းစာပွဲပြန်ပွဲတော်မင်္ဂလာ ဆင်ယင်ကျင်းပခြင်းကို ဇန်နဝါရီလ(၂၂)ရက်၊ နံနက်(၉)နာရီက ညောင်ရွှေမြို့၊ ကန်ကြီးစာသင်တိုက်၊ အောင်မင်္ဂလာ ဓမ္မစင်္ကြာဓမ္မာရုံ၌ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့်ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာအုပ်စု၊ မိုင်းသောက်ကျောက်နီတောရစာသင်တိုက် ဦးစီးပဓာနနာယက၊ ကန်ကြီးစာသင်တိုက် ဝိနည်းပြန်အကျိုးတော်ဆောင် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒောဘာသ မိုင်းသောက်ကျောက်နီတောရ ဆရာတော် ဘုရားကြီးထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ထို့နောက် ကန်ကြီးစာသင်တိုက် စာချဆရာတော် ဦးနရပတိနှင့် ဦးနန္နေါဘာသ(၁) အရှင်မြတ်(၂)ပါးတို့က ဝိနယသံင်္ဂါယနာအမေး+အဖြေ ဆောင်ရွက်တော်မူကြပြီးလျှင် သံဃာတော်အရှင်မြတ်အားလုံးတို့က (၇၂)ကြိမ်မြောက် (ဝိနယသင်္ဂါယနာ)တင်တော်မူကြသည်။
၎င်းနောက် ရွှေကျင်နိကာယသာသနာပိုင်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ ဒေါက်တာဘဒ္ဒန္တဥာဏိဿရ သီတဂူဆရာတော်ဘုရားကြီးအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်သံဃာတော်ကြီးများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရွှေကျင်နိကာယသာသနာပိုင်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ ဒေါက်တာဘဒ္ဒန္တဥာဏိဿရ သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ပြီးမြောက်ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတောများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ရွှေကျင်နိကာယသာသနာပိုင်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ ဒေါက်တာဘဒ္ဒန္တဥာဏိဿရ ဆရာတော်ကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညောင်ရွှေမြို့၊ ကန်ကြီးစာသင်တိုက် ပစ္စည်းလေးပါးအတွက် အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်လှူဒါန်းရာ ကန်ကြီးစာသင်တိုက် ဂေါပကတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့