တောင်ကြီး ဇန်နဝါရီ-၁၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ KG+12စနစ်သစ် တက္ကသိုလ်ဝင်တန်းကို ဖြေဆိုအောင်မြင်ခဲ့ပြီး ဝင်ခွင့်သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရ မောင်မယ်သစ်လွင်များကြိုဆိုပွဲနှင့် သင်တန်းနှစ်အသီးသီးမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ(၁၄)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့နယ်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသီချင်းနှင့် မြကျွန်းညိုညိုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)ကို ၂၀၀၀ပြည့်နှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ(၄)ရက်နေ့တွင် သင်တန်းများကိုစတင်ဖွင့်လှစ်သင်ကြားပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် သက်တမ်း (၂၄)နှစ်ကျော်ခဲ့ပြီး မိမိဒေသနှင့်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက် ရှိရာ ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာဘွဲ့နှင့် မဟာဘွဲ့ရဦးရေ(၁၅၅၅)ဦးကို မွေးထုတ်ပေးခဲ့ပြီး ယခုလက်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၇၈၂)ဦး တက်ရောက်ပညာသင်ကြားနေသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်ကိုတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခုလိုအရေးပါလှသော ကွန်ပျူတာအသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့သည့်အတွက် ကွန်ပျူတာတက္ကသိုလ်များသည် နိုင်ငံတော်၏ အလိုအပ်ဆုံးလူ့စွမ်းအားအရင်းအမြစ်အခြေခံကောင်းများကို ပြုစုပျိုးထောင်မွေးထုတ်ပေးရာ ဘူမိနက်သန်အောင်မြေတစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်လူသားများကို အကျိုးပြုသည့် သုတေသနလုပ်ငန်းများကိုလုပ်ဆောင်ရင်း ပညာကိုစဥ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရန် အလေးအနက်ထားမှာကြားလိုကြောင်းနှင့် မောင်တို့မယ်တို့သည် ITနည်းပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှာနိုင်အောင်ကြိုးစား၍ ဆန်းသစ်တီထွင်မှုများကိုလည်း ဆက်လက်ကြိုးပမ်းဖော်ထုတ်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။
၎င်းနောက် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) သင်တန်းနှစ်အသီးသီးမှ ထူးချွန်ဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အသီးသီးဆုများချီးမြှင့်ပေးကြပြီး ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူ များမှ ရှမ်းတိုင်းရင်းသားရိုးရာ(တိုးနယား)အက၊ ပအိုဝ်းတိုင်းရင်းသားရိုးရာအကများဖြင့် ကပြ ဖျော်ဖြေကြသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရေသန့်စက်လှူဒါန်းပေးခြင်းနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်တို့က ပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ဒုတိယပါမောက္ခချုပ်မှ လက်ခံရယူပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းများအား ရင်းရင်းနှီးနှီးနုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့ရုံးနှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာရုံး၌ ဖွင့်လှစ် ထားသော ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး၊ကွတ်ခိုင်မှယာယီနေရပ်စွန့်ခွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ရုံးဖွင့်လှစ်ထားရှိမှုနှင့် ဝန်ထမ်းမိသားစုနေထိုင်သည့် အခန်းများအား သွားရောက်ကြည့်ရှူစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က ရုံးလုပ်ငန်းဆောင်ရွက်သည့်အခန်းနှင့် လူနေခန်းများ စနစ်တကျထားရှိရန်၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရန် မှာကြားပြီး ဝန်ထမ်းမိသားစုများအတွက် လိုအပ်သောသောက်ရေ၊ သုံးရေများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့