တောင်ကြီး ဇန်နဝါရီ-၁၃
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၁/၂၀၂၅)ကို ဇန်နဝါရီလ(၁၃)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရေရှည်အတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆောင်ရွက်သည့်အတွက် ဥပဒေပြဌာန်းပြီးဖြစ်၍ စနစ်တကျအလေးထားဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ စဥ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ရုံးလုပ်ငန်းသည် အရေးကြီးသောကြောင့် သက်ဆိုင်ရာခရိုင်များတွင် လုပ်ငန်းများအတွက် ဖွဲ့စည်းဆောင်ရွက် ပေးရန်နှင့် လုပ်ငန်းအတွက် လိုအပ်သောကွန်ပျူတာဆက်စပ်ပစ္စည်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် စာရင်းဇယားကွန်ပျူတာဖြင့် ဆောင်ရွက်ရသောကြောင့် ကွန်ပျူတာ(၄၇)စုံကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး လုံခြုံရေးကိစ္စရပ်များတွင်လည်း အခြားသောကွန်ပျူတာဖြင့် ရောထွေးသုံးစရာမလိုသောကြောင့် စနစ်တကျသုံးစွဲပေးကြရန်ပြောကြားသည်။
ထို့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်ပြည်သူ့စစ်ထမ်းဆင့်ခေါ်ရေးအဖွဲ့များသို့ ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်NSIMSဖြင့် ချိတ်ဆက်အသုံးပြု နိုင်ရေးအတွက် လိုအပ်သော Computer နှင့် Network ဆက်စပ်ပစ္စည်းများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များသို့ ရှမ်းပြည်နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပေးအပ်ရာ ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်များကိုယ်စား တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အသီးသီးလက်ခံရယူကြသည်။
၎င်းနောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့