တောင်ကြီး ဇန်နဝါရီ-၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ(၁၁)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ၊ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလေးများမှ ရှမ်းတိုင်းရင်းသား တိုးနယားနှင့် ကိန္နရာ၊ ကိန္နရီအကအဖွဲ့၊ ဘခင်ခရာတပ်ဖွဲ့၊ ပန်းပွားအကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားအစီအစဥ်အရ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက `ကြိုဆိုပါသည်စုံညီပွဲတော်´ သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာ ပညာရေးလုပ်ငန်း များကို စုပေါင်းဆောင်ရွက်နေခြင်းသည် စုံညီပွဲတော်ကို ကျင်းပရသည့်ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ကာယ၊ ဥာဏ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်သည့်ပွဲဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် လူသား ရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆောင်ရွက်နေသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးစုံညီပွဲတော်ကျင်းပပေးခြင်းသည် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ထူးချွန်ထက်မြက်သူတွေကို ချီးမြှင့်ဂုဏ်ပြုပေးခြင်းဖြင့် အတုယူတတ်စေရန် အားကျပြီး ကြိုးစားလုပ်ကိုင်ချင်သည့် စိတ်ဖြစ်လာစေရန်၊ နောင်တချိန်တွင် နိုင်ငံ့တော်တာဝန် ထမ်းဆောင်ကြမည့် လူကောင်းလူတော်များ မွေးထုတ်ပေးရန်ရည်ရွယ်၍ ပညာရေးစုံညီပွဲတော်ကို ကျင်းပပေးရခြင်းသည် မမှားပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့်နေရာတွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ဥာဏပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုစသည့် ဖွံ့ဖြိုးမှုငါးရပ်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ လူသားရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးလမ်းသွယ်(၃)ခု ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ လမ်းသွယ်(၃)ခုမှာ ကျောင်းသင်ပညာရေး၊ ကျောင်းပြင်ပပညာရေး၊ လူတိုင်းအကျုံးဝင်ပညာရေးတို့ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ပညာရေးစုံညီပွဲတော်တွင် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးဝန်ထမ်းများ စုံညီစွာတွေ့ကြရသည့်အတွက် ပညာရေးဌာနဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပူးပေါင်းဆောင်ရွက် ကြပြီး ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်သည့် နိုင်ငံ့သား ကောင်းရတနာများ မွေးထုတ်ပေးနိုင်စေရန်တိုက်တွန်းပြောကြားသွားသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကဥာဏစွမ်းရည်နှင့်ကာယစွမ်းရည်ဗဟိုအဆင့်နှင့်ပြည်နယ်အဆင့်ထူးချွန်ဆုရကျောင်းသား၊ကျောင်းသူများအားဆုချီးမြှင့်ပေးပြီးပြည်နယ်အဆင့်ဥာဏစွမ်းရည်၊ကာယစွမ်းရည်ဆုရကျောင်းသား၊ကျောင်းသူများအားပြည်နယ်ဝန်ကြီးများကအသီးသီးဆုများချီးပေးကြပြီးအမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများကပြည်ထောင်စုတိုင်းရင်းသားအကဖြင့်လည်းကောင်း၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများကစုံညီပွဲတော်တို့နွဲပျော်သီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဆရာ၊ဆရာမနှင့်ကျောင်းသား၊ကျောင်းသူများအားရင်းရင်းနှီးနှီးနုတ်ဆက်ကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူများမှမြန်မာ့သိုင်းသရုပ်ပြသနေမှုကိုကြည့်ရှုအားပေး၍ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးပြီးပညာရေးစုံညီပွဲတော်တွင်ကျောင်းသား၊ကျောင်းသူများ၏စမ်းသပ်တီထွင်ထားရှိမှုများ၊စျေးရောင်းပွဲတော်နှင့်ဖျော်ဖြေရေးအစီအစဥ်များကိုလှည့်ကြည့်ရှုအားပေး၍မူကြိုကလေးများအားနုတ်ဆက်ကာဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အလားတူ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့