အေးသာယာ ဇန်နဝါရီ-၁၀
အဆင့်မြင့်မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း အမှတ်စဥ်(၁/၂၀၂၄)၊ ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဥ်(၁/၂၀၂၄)နှင့် အခြေခံလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ သင်တန်း အမှတ်စဥ်(၁/၂၀၂၅) သင်တန်းဆင်းပွဲကို ဇန်နဝါရီလ(၁၀)ရက်၊ နံနက်(၈)နာရီက အေးသာယာမြို့၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တတ်နိုင်သမျှ ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ ရေနှင့်လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အခါအားလျော်စွာ သက်ဆိုင်ရာဌာနများကလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ဖွင့်လှစ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှစ၍ ယနေ့အချိန်အထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်း(၃)ကြိမ်၊ အခြေခံကွန်ပျူတာသင်တန်း (၂)ကြိမ်၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း(၃)ကြိမ်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာ သင်တန်း(၁)ကြိမ်နှင့် ယခုဖွင့်လှစ်သည့်သင်တန်း(၃)ခုအပါအဝင် စုစုပေါင်းသက်မွေးပညာ သင်တန်း (၁၂)ကြိမ်ဖြင့် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၂၄၀)ဦးကို သက်မွေးပညာသင်တန်းများ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ယခုအဆင့်မြင့်မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်းကို တက်ရောက် ခဲ့သည့် သင်တန်းသားများအနေဖြင့် မိမိတို့သင်ကြားခဲ့သော ပညာရပ်များကို မိမိရပ်ရွာပတ်ဝန်းကျင်တွင် လက်ဆင့်ကမ်းသင်ကြားပေးရန်နှင့် အသစ်သစ်သောမော်တော်ဆိုင်ကယ် စက်ပစ္စည်းများနှင့် ပညာရပ် များကို စဥ်ဆက်မပြတ်လေ့လာသင်ယူ၍ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်နိုင်အောင် ကြိုးစားကြရန်၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုသင်တန်းသား၊ သင်တန်း သူများအနေဖြင့်လည်း သင်တန်းနည်းပြဆရာ များက သင်ကြားပေးသည့်အခြေခံနည်းစနစ်များကို သေချာမှတ်သားပြီး ရပ်ရွာပြန်ရောက်ရှိသည့်အခါ ဝါးလက်မှုဖြင့် မိမိကိုယ်တိုင် ဆန်းသစ်တီထွင်၍ လူအများစိတ်ဝင်စားပြီး အလွယ်တကူဝယ်ယူသုံးစွဲနိုင်ခြင်း၊ ပေါ့ပါး၍ သယ်ယူရန်လွယ်ကူခြင်း စသည့်အရည်အသွေးကောင်းမွန်သော အဆင်း၊ အရောင်၊ ပုံစံများစွာဖြင့် ဆန်းသစ်တီထွင် ဖန်တီးကြရန်၊ အခြေခံလူသုံးကုန်ပစ္စည်းများထုတ်လုပ်ခြင်း သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်လည်း လူသားများနေ့စဥ် စားဖိုဆောင်နှင့်တကိုယ်ရေသန့်ရှင်းရေးတွင် မရှိမဖြစ် အသုံးပြုသော ဆပ်ပြာဆီမျိုးစုံ၊ ဆပ်ပြာခဲမျိုးစုံ၊ ခေါင်းလျှော်ရည်မျိုးစုံစသည့် နေ့စဥ်သုံးစွဲရသည့် လူသုံးကုန်ပစ္စည်းများကို စျေးနှုန်းသက်သာ၍ လူအများအလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့် အဆင်း၊ အရောင်၊ အနံ့မျိုးစုံဖြင့် မိမိအတွက်၊ မိသားစုအတွက်နှင့် မိမိပတ်ဝန်းကျင်အတွက် အကျိုးပြုပြီး တနိုင်တပိုင်စီးပွားရေးလုပ်ငန်းဖြင့် နေ့စဥ်အသုံးစရိတ်ဝင်ငွေနှင့် အကျိုးအမြတ်များစွာရရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်အောင် ကြိုးစားကြရန် ပြောကြားသွားသည်။
ထို့နောက် အဆင့်မြင့်မော်တော်ဆိုက်ကယ်စက်ပြင်သင်တန်း အမှတ်စဥ်(၁/၂၀၂၄) သင်တန်းသား များအတွက် သင်တန်းဆင်းလက်မှတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော အထောက်အကူပြု ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပေးအပ်ရာ သင်သားများမှ လက်ရယူ၍ လည်းကောင်း၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူ များအတွက် သင်တန်းဆင်းလက်မှတ်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထောက်အကူပြုပစ္စည်းများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသန်းဦးလွင်က ပေးအပ်ရာ သင်တန်းသား/သူများမှ လက်ခံရ ယူ၍လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထောက်အကူပြုပစ္စည်းများကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းက ပေးအပ်ရာ သင်တန်းသူများမှ လက်ခံယူရကြပြီး သင်တန်းဆရာများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ပေးအပ်ရာ သင်တန်းဆရာများမှ လက်ခံရယူကြကြောင်းသိရသည်။
၎င်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူ များအား ရင်းရင်းနှီးနှီးနုတ်ဆက်၍ သင်တန်သား၊ သင်တန်းသူများပြုလုပ်ထားသော ဝါးအခြေခံလက်မှုထည် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ကြည့်ရှုအားပေးကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သင်တန်းကျောင်းတွင် ဆိုလာမီးတပ်ဆင်ထားရှိမှုကို ကြည့်ရှုကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့