တောင်ကြီး ဇန်နဝါရီ-၉
MYANMAR UNITED FARMERS AGRICULTURE CO.,LTD (ဟဲဟိုးအာလူးအစုအဖွဲ့)မှ အအေးခန်းတည်ဆောက်မည့်စီမံကိန်းအတွက် ဇန်နဝါရီလ(၉)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းကြောင်းသိရသည်။
ဦးစွာ MYANMAR UNITED FARMERS AGRICULTURE CO.,LTD(ဟဲဟိုးအာလူးအစုအဖွဲ့) တာဝန်ရှိသူများမှ အာလူးမျိုးသိုလှောင်ရုံ အအေးခန်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆွေးနွေးတင်ပြချက်အပေါ် လုပ်ငန်းနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ပေးရမည်ဖြစ်သောကြောင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားရာ နိုင်ငံတော်က စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ကုန်ပစ္စည်းများကို ထိုက်သင့်သောစျေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရန်နှင့် ဆောင်ရွက်စရာ ရှိသည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့