ကျိုင်းတုံ ဇန်နဝါရီ-၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၁)ရက်၊ နံနက်(၁၁) နာရီခွဲက ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသရှိ စတုရဋ္ဌာသုမင်္ဂလာစေတီတော်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးဆက်ကပ်လှူဒါန်းပေးပြီး ဘုရားအတွက် ဘက်စုံမမ်းမံပြုပြင်နိုင်ရန် အလှူတော်ငွေများကို စတုရဋ္ဌာသုမင်္ဂလာစေတီတော်ရှိ ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ် လှူဒါန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနမှ ဆောက်ရွက်နေသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ လွိုင်မွေမြို့၊ လွိုင်မွေကန်တံတားတည်ရေးစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်သူတစ်ဦးမှ တံတားနှင့်ပတ်သက်၍ ရှင်းလင်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြား၍ တံတားအားလှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျိုင်းတုံမြို့နယ်လွိုင်မွေဒေသ ကျေးရွာ(၄)ရွာ ရေရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးတင့်ဝေမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ကျိုင်းတုံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပန်ကွဲမှ လွိုင်မွေလမ်းအပိုင်း(၂)အား ကွန်ကရစ်ခင်းရန်နှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများကို ရှည်တည်တံ့နိုင်ရန်အတွက် ထိန်းသိမ်းပေးကြရန် မှာကြားခဲ့ပြီး ၂၀၂၄ ခုနှစ် မိုးရာသီကျိုင်းတုံ-လွိုင်မွေအတက်လမ်း၊ လွိုင်မွေကန်ပတ်လည်နှင့် ၂၁ မိုင်အဆင်းလမ်း၊ လမ်းဘေးဝဲ၊ ယာ ချယ်ရီပင်စိုက်ပျိုးခဲ့မှုနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ရှင်းလင်း၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တစ်အုပ်တစ်မစိမ်းလန်းစိုပြည်ရေးစိုက်ကွက် ချယ်ရီ(၁၇၀)ပင် စိုက်ပျိုးထားမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လွိုင်မွေစာတိုက်အား သွားရောက်ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံ-လွိုင်မွေလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းအားသွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြား ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာ အုပ်စု၊ တာခွယ်ကျေးရွာ ပရဟိတစာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်၍ စာကြည့်တိုက်အဆောက်အဦသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာ ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေပြည်သူများ ကွာဟမှုမရှိစေရေးအတွက် အသိပညာ၊ ဗဟုသုတတိုးပွားစေရေးနှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတော် အနေဖြင့် ကျေးရွာစာကြည့်တိုက်များကို တည်ထောင်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အခြေခံပညာကျောင်းများနှင့် ကောလိပ်၊ တက္ကသိုလ်များ ပညာသင်ကြားနိုင်သည့် အပြင် တက္ကသိုလ်၊ ကောလိပ်အခြေခံပညာကျောင်းများ တက်ရောက်သင်ကြားခွင့်မရသည့် လူငယ်၊ လူရွယ် များအတွက် လွယ်လင့်တကူ ရှာဖွေလေ့လာဖတ်ရှုနိုင်သည့် ကျေးရွာစာကြည့်တိုက်များကို တည်ထောင် ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက်အဆောက်အဦသစ် မှတ်တမ်းအားလွှဲပြောင်း ပေးအပ်ခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပေးအပ်ရာ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အလှူရှင်များမှ လက်ခံရယူကြပြီး အလှူရှင်များမှ စာကြည့်တိုက်အတွက် အလှူငွေနှင့်စာအုပ်စာစောက်များ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ လက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ ကျိုင်းလိတ်ရွာ၊ နောင်ကုန် အုပ်စုတွင် အရှေ့မဲခေါင်ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ခြံပိုင်ရှင်မှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသားတိုးဝက်ခြံများအား လှည့်လည်ကြည့်ရှုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝက်အားတိုးများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ခြံပိုင်ရှင်မှလက်ခံရယူသည်၊၊
အဆိုပါ အရှေ့မဲခေါင်ဝက်မွေးမြူရေးခြံတွင် လက်ရှိစတင်မွေးမြူသည့် ကောင်ရေ (၁၂၀၀) ကောင်၊ ထပ်မံရောက်ရှိကောင်ရေ (၈၀၀)ကောင်၊ အသားတိုးဝက်အဖြစ် မွေးမြူကာလ (၄)လနှင့် ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်းမြို့နယ်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်သူပညာပေး ရှေ့တန်း စခန်း၊ ကျိုင်းတုံမြို့၊ နောင်ကုန်ရွာ၌ တောင်သူများအား အီအမ်ဘိုကာရှီပြုလုပ်သုံးစွဲခြင်း လက်တွေ့သရုပ်ပြသမှုနှင့် စူပါဘိုကာရှီလက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးကြရန်၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သီးနှံ အထွက်ပိုကောင်းစေရန် စိုက်ပျိုးပညာရှင်များ၏ သင်ကြားမှုကို လိုက်နာဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက တောင်သူ များအား မျိုးစေ့နှင့်ရွက်ဖျန်းအားတိုးဆေးများ ပေးအပ်ရာ တောင်သူများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိုက်ပျိုးဥယာဥ်ခြံအား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့