တောင်ကြီး ဒီဇင်ဘာ-၂၆
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်း အတွင်း မြေဧရိယာ ၁၂၀.၀၀ ဧကပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြခြင်းကို ဒီဇင်ဘာလ(၂၆)ရက်၊ နံနက်(၁၀)နာရီက ရှမ်းပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ Myanmar New Power Co., Ltd တာဝန်ရှိသူတစ်ဦးမှရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်အတွက် အကျိုးပြုမည့်ဖြစ်သောကြောင့်မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်၍ ဌာနဆိုင်ရာ များအနေဖြင့် မည်ကဲ့သို့ပေါင်းစပ်ဆောင်ရွက်ပေးရမည်ကို သိရှိလိုပါကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးကြရန်ဆွေးနွေးပြောကြားသည်။
ထို့နောက် သယံဇတရေးရာဝန်ကြီးဦးစိုင်းလိတ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း မြေဧရိယာ ၁၂၀.၀၀ ဧကအပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်းနှင့် ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံက MOA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးသွားကြသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်က နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းတွင် မြေအသုံးချမှုကိစ္စရပ်များတွင် လုပ်ငန်းများရပ်တန့်နေပါကြောင်း၊ သက်ဆိုင်ရာဌာနများက အမြန်ဆုံးဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့်လည်း ပြည်ထောင်စုဝန်ကြီးဌာနနှင့်ဆောင်ရွက်နေသလို ပြည်နယ်အစိုးရအဖွဲ့ကိုလည်း ပေါင်းစပ် ဆောင်ရွက်ပေးမှသာ လုပ်ငန်းများမြန်မြန်ဆန်ဆန်အောင်မြင်မှာဖြစ်ပြီး ပေါင်းစပ်ညှိနှိုင်းမှုများရှိပါက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဌာနဆိုက်ရာများကလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြရန် လမ်းညွှန်အမှာစကားပြောကြားသွားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့