တောင်ကြီး ဒီဇင်ဘာ-၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ကုသရေးဦးစီးဌာန၏ သစ်လွင်သူနာပြုများတာဝန် ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်းကို ဒီဇင်ဘာလ(၂၄)ရက်၊ ညနေ(၃)နာရီက တောင်ကြီးမြို့၊ သားဖွားသင်တန်းကျောင်း၌ကျင်းပသည်။
ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်းအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ယနေ့သင်တန်းဆင်းကြသည့် သစ်လွင်သူနာပြု(၁၃၆)ယောက်တို့သည် မိမိတို့ တတ်ကျွမ်းသော ပညာဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ရောဂါကာကွယ်ရေး၊ ပြန်လည်ပြုစု ပျိုးထောင်ပေးရေးကဏ္ဍများတွင် အင်တိုက်အားတိုက်ပါဝင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာပြီး Professional Development Personal Development အတွက် အမြဲတစေကြိုးပမ်းအားထုတ်နေရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် မေတ္တာ၊ စေတနာအရင်းခံပြီး ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ဆက်ဆံကြရန် အထူးမှာကြား လိုကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဂုဏ်ပြုချီးပြုငွေပေးအပ်ရာ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူပြီး ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ အမှာစကားပြောကြားကြောင်း သိရသည်။
၎င်းနောက် သင်တန်းသား၊ သင်တန်းသူများအား ဌာနဆိုင်ရာအမိန့်စာများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ကပေးအပ်ရာ တောင်ကြီး၊ လွိုင်ကော် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ သင်တန်းသား၊ သင်တန်းသူများမှ အသီးသီးလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နုတ်ဆက်ကာ သားဖွားသင်တန်းကျောင်းရှိ သောက်ရေသန့်စက်ရုံကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ သစ်လွင်သူနာပြုများတာဝန်ပေးအပ်သည့် ဌာဆိုင်ရာအမိန့်စာပေးအပ်ခြင်းတွင် သူနာပြု(၅၄)ဦး၊ သားဖွား(၅၃)ဦး၊ လွိုင်ကော်သူနာပြုမှ(၂၉)ဦး စုစုပေါင်း(၁၃၆)ဦးအား ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့