တောင်ကြီး ဒီဇင်ဘာ-၂၃
(၇၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဒီဇင်ဘာလ(၂၃)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ (၇၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် စရာရှိသည်များ ဆောင်ရွက်နိုင်ရန်နှင့် အခမ်းအနားကို ယခင်နှစ်အတိုင်းဆောင်ရွက်ထားရှိမှုများ၊ ဒေသထွက်ကုန်များပြသပေးရန်၊ MSMEပြခန်းများ၊ စျေးရောင်းပွဲတော်များ ထည့်သွင်းဆောင်ရွက် ပေးနိုင်ရန်နှင့် ကော်မတီများအလိုက် ဆွေးနွေးတင်ပြပေးကြရန်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီများဖြစ်သည့် အခမ်းအနား ပြင်ဆင်ရေးကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးကော်မတီ၊ ဘဏ္ဍငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေး နှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ညစာစားပွဲနှင့်ဧည့်ခံကျွေးမွေးရေးလုပ်ငန်း ကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပြခန်းများခင်းကျင်းပြသရေးလုပ်ငန်းကော်မတီ အသီးသီးမှ ဆွေးနွေးတင်ပြကြသည်။
၎င်းနောက် (၇၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းအလိုက် အတည်ပြုပေးပြီး နိဂုံးချုပ်စကားပြောကြားရာ ဖိတ်စာများဖိတ်ကြားသည့်အခါ ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များမကျန်ရအောင် ဆောင်ရွက်ပေးရန်၊ ကော်မတီများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြစရာများရှိပါက တင်ပြပေးကြရန်နှင့် ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို ဆောင်ရွက် ပေးကြရန်၊ ဌာနဆိုင်ရာများအနေဖြင့်ပေါင်းစပ်ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့