တောင်ကြီး ဒီဇင်ဘာ-၂၂
ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲတွင် အဆင့်(၂)ရရှိခဲ့သော ရှမ်းပြည်နယ်အားကစားသမားအဖွဲ့အား ဒီဇင်ဘာလ(၂၁)ရက်၊ ညနေ(၅)နာရီခွဲက အေးသာယာမြို့၊ ရှမ်းပြည်နယ်မှကြိုဆိုပါ၏အဝင်မုဒ်ဦးရှေ့နှင့် တောင်ကြီး ပညာရေးဒီဂရီကောလိပ်ရှေ့တို့တွင် ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများမှ လမ်းဘေးဝဲ၊ ယာ ပန်းစည်းများဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမားများသည် တောင်ကြီးမြို့ မြန်မာ့ စီးပွားရေးဘဏ်မှစတင်၍ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံသို့ လမ်းလျှောက်ချီတက်လာရာ လမ်းဘေးဝဲ၊ ယာရှိ ပြည်သူများနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြပန်းစည်းများဖြင့် ကြိုဆိုကြကြောင်းသိရသည်။
အဆိုပါ ပဥ္စမအကြိမ်မြောက်အားကစားပွဲတော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ၌ ရှမ်းပြည်နယ်ကိုယ်စားပြု အားကစားသမားများသည် ရွှေ(၂၇)ခု၊ ငွေ(၃၂)ခု၊ ကြေး(၄၁)ခုဖြင့် ဒုတိယအဆင့်ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပဥ္စမအကြိမ်မြောက်အားကစားပွဲတော်တွင် အောင်မြင်မှုရရှိခဲ့သော ရှမ်းပြည်နယ် ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဒီဇင်ဘာလ(၂၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပဥ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ Sports Complex အတွင်း ဝန်ကြီးဌာနအဆင့်အားကစားနည်း (၆) နည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)နည်း၊ မသန်စွမ်းအားကစားနည်း(၄)နည်း တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အနေဖြင့် အားကစားနည်း(၂၃)နည်းလုံး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အားကစားနည်း(၁၈)နည်းတွင် အောင်မြင်မှုများစွာရရှိလာခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၅)ခုမှာ ရှမ်းပြည်နယ်က အဆင့်(၂)ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဖွယ် ဖြစ်ပါကြောင်း၊ ယခုလိုအောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးစားပေးခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ရှမ်းပြည်နယ်အားကစားအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ရှမ်းပြည်နယ်၏အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်နှင့် နောင်ယှဥ်ပြိုင်မည့်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန်အတွက် တာဝန်ရှိသူများက လေ့ကျင့်ရေးစီမံချက်၊ လူရွေးချယ်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များကို စနစ်တကျရေးဆွဲပြီး ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြစ်လာအောင် အားလုံးကဝိုင်းဝန်းကြိုးပန်းဆောင်ရွက်ပေးကြရန် ပြောကြား သည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲများသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် ရှမ်းပြည်နယ်အသင်းအား ပါဝင်ကူညီလှူဒါန်းပေးကြသော အလှူရှင်များက အလှူငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကြောင်းသိရသည်။
ထို့နောက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်အသီးသီးရရှိခဲ့သည့် အားကစားနည်းအလိုက် အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ချီးမြှင့်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့