တောင်ကြီး ဒီဇင်ဘာ-၂၀
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ(၂၀)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ Royal Taunggyi Hotel ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယခုသင်တန်းသည် ရုရှားခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့်အခါ ဟိုတယ်များအပိုင်းကနေ ပိုမိုကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုမျာပေးနိုင်ရေးနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုတိုးတက်ရေးကို တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ရုရှားအက္ခရာနှင့်ငွေကြေးဆိုင်ရာ အသုံးအနှုန်းများ၊ အခြေခံသဒ္ဒါနှင့် ဝါကျတို့တည်ဆောက်ခြင်းများ ဟိုတယ်လုပ်ငန်းသုံးဝေါဟာရများ၊ ရုရှားစကား အပြန်အလှန်ပြောဆိုလေ့ကျင့်ခြင်းများနှင့် ရုရှားလူမျိုးတို့အလေ့အကျင့်နှင့် အကျင့်စရိုက်များကို ထည့်သွင်းပို့ချပေးသည်ကို သိရသည့်အတွက် ယခုသင်တန်းတက်ရောက်ပြီးချိန်တွင် သင်တန်းသား များသည် ရုရှားဧည့်သည်များနှင့်ပက်သက်ပြီး ပိုမိုပြီးနားလည်နိုင်စွမ်းနှင့် ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းမှာ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ ရုရှားဘာသာစကားသင်တန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ယခုသင်တန်းအပါအဝင် (၄)ကြိမ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် (၁)ကြိမ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၁)ကြိမ်၊ စုစုပေါင်း သင်တန်း(၆)ကြိမ်နှင့် သင်တန်းသား(၂၅၂)ဦးကို သင်ကြားပို့ချပေးနိုင်ခဲ့ပါကြောင်း၊ ယခုလိုသင်တန်းများ ပြီးမြောက်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါသော ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးမြို့မှ ဟိုတယ်လုပ်ငန်းရှင်များ၊ တစ်တပ်တစ်အားပါဝင်ကူညီသော ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေကော်မတီတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မှတ်တမ်း တင်ရှိပါကြောင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သင်တန်းနည်းပြခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ဇော်ထက် သို့ ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်၍လည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ် သိန်းနိုင်က သင်တန်းသား၊ သင်တန်းသူကိုယ်စားလှယ် (၁)ဦးသို့ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ် ခဲ့ကြောင်းသိရသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ရုရှားဘာသာဖြင့် ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ သင်တန်းသား၊ သင်တန်းသူများက ရုရှားဘာသာဖြင့် သီချင်းသီဆိုတင်ဆက်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် တောင်ကြီးတက္ကသိုလ် Lecture Theatre ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် တက္ကသိုလ်၊ ဒီဂရီကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပလျက်ရှိရာ ဆောင်းပါးပြိုင်ပွဲတွင် လွတ်လပ်ရေးအမွှေ ထိန်းသိမ်းစို့ တို့သွေးချင်းတို့စည်းလုံးစို့ ခေါင်းစဥ်ဖြင့် ဝင်ရောက်ဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။ အဆိုပါဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၅၃)ဦးနှင့် ကဗျာပြိုင်ပွဲတွင် (၃၆)ဦး ပါဝင်ယှဥ်ပြိုင်ကြကြောင်းသိရသည်။
အလားတူ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆောင်းပါးပြိုင်ပွဲ၊ ကဗျာ ပြိုင်ပွဲများကို ကျိုင်းတုံတက္ကသိုလ်တွင် ဆောင်းပါးပြိုင်ပွဲ(၆)ဦး၊ ကဗျာပြိုင်ပွဲတွင် (၈)ဦး၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှ ဆောင်းပါးပြိုင်ပွဲ (၁၁)ဦး၊ ကဗျာပြိုင်ပွဲ(၁၀)ဦးနှင့် ပင်လုံတက္ကသိုလ်တွင် ဆောင်းပါးပြိုင်ပွဲ(၉)ဦး ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဖြေဆို ကြကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးတက္ကသိုလ်ဝင်းရှိ ရေကန်အား ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ Kalaw City Guide Mobile Application နှင့်ပတ်သက် ၍ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်မှ ကလောမြို့ ခရီးသွားလာမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ နည်းပညာရှင်ဌာနများမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးကြရန် ပြောကြားပြီး တက်ရောက်လာသည့် ကွန်ပျူတာတက္ကသိုလ်တောင်ကြီး၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများမှ ဆွေးနွေးကြ၍ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ ပထမဆုံးဆောင်ရွက်သည့်လုပ်ငန်းဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် အားလုံးကဝိုင်းဝန်း ကြိုးစားပေးကြရန်ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့