တောင်ကြီး ဒီဇင်ဘာ-၁၅
တောင်ကြီးမြို့၊ မြို့အင်္ဂါနှင့်အညီ စနစ်တကျရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဒီဇင်ဘာလ(၁၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ City Square Shopping Centre ၏ တိုးချဲ့ယာဥ်ရပ်နားစခန်းအနေဖြင့် တောင်ကြီးမြို့၊ မြို့မစျေးကြီးတောင်ဘက်၊ တပင်ရွှေထီးလမ်း(နာရီစင်လမ်း)ပေါ်တွင် အထပ်မြင့်ယာဥ်ရပ်နားစခန်း တည်ဆောက်၍ တပင်ရွှေထီးလမ်းမှ City Square Shopping Centre ဖက်သို့ Under Pass နှင့် မြေအောက်ကားရပ်နားနေရာ ဆောင်ရွက်နိုင်ရေးအတွက် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းက City Square Shopping Centre နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က City Square Shopping Centre အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းကြပြီး တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှင်းလင်းဆွေးနွေးတင်ပြမှုအပေါ် အဖွဲ့ပေါင်းစုံမှ တင်ပြဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်၍ ပြည်သူများ ၏ဆန္ဒကို ခံယူရမည်ဖြစ်ကြောင်း၊ အားနည်းချက်၊ အားသာချက်များအပေါ်မူတည်၍ ဆောင်ရွက် ရမည်ဖြစ်သောကြောင့် သက်ဆိုက်ရာဌာနကျွမ်းကျင်သည်အဖွဲ့များမှ ဆွေးနွေးမှုများကို လက်ခံရမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံမှအားနည်းချက်မဖြစ်ရအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိ အခြေအနေများကို ကော်မတီဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ တောင်ကြီးမြို့သာယာလှပရေးနှင့်လုံခြုံရေးကိစ္စရပ်များအတွက် ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီးတစ်လျှောက် လမ်းမီးများထွန်းညှိနိုင်ရေးဆောင်ရွက်မည့် အစီအမံများကို ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းဝဏ္ဏတို့မှ ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့