တောင်ကြီး ဒီဇင်ဘာ-၁၃
အများပြည်သူလူထုအနားယူအပန်းဖြေခြင်းနှင့် ကျန်းမာရေးအတွက် ရေကန်ကိုပတ်ကာ လမ်းလျှောက် ပြီး သန့်ရှင်းသောလေကိုရှူရှိုက်၍ လေ့ကျင့်ခန်းများဆောင်ရွက်ရန်ကောင်းမွန်သော တောင်ကြီးမြို့၊ မြကန်သာပန်းခြံအဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း (၁)နှစ်ပြည့်အထိမ်းအမှတ် POKIDDO ကလေးကစားကွင်းနှင့် Coffee Shop ဖွင့်လှစ်ခြင်းကို ဒီဇင်ဘာလ (၁၃) ရက်၊ နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြကန်သာပန်းခြံ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းက POKIDDO ကလေးကစားကွင်းနှင့် Coffee Shop တည်ဆောက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် POKIDDOကလေးကစားကွင်းနှင့် Coffee Shop အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ် စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ ဝင်းထက်မြန်မာ ကုမ္ပဏီတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် ပညာရေးဒီဂရီကောလိပ်မှ တိုင်းရင်းသားမောင်မယ် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ရှမ်းတိုင်းရင်းသားရိုးရာယဥ်ကျေးမှု ကိန္နရီ၊ ကိန္နရာအကအဖွဲ့အား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ စုပေါင်းမှတ်တင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် POKIDDO ကလေးကစားကွင်းနှင့် Coffee Shop ဆိုင် နှင့် မြကန်သာရေကန် တို့အားတစ်ပတ် လှည့်လည်ကြည့်ရှု ကြကြောင်းသိရသည်။
အဆိုပါကလေးကစားကွင်းနှင့် Coffee Shop အဆောက်အဦအတွင်း လူငယ်များ ကစားနိုင်သည့် မြားပစ်၊ ဘတ်စကတ်ဘော၊ Hiking ၊Zip Line၊ ရေလွှာချောစီး၊ Jumping ကစားနည်းများပါဝင်ပြီး ကစားကွင်း၊ Pizza Shop၊ Coffee Shop တို့ပါဝင်သည့်အတွက် ကလေး၊ လူကြီးမရွေးအပန်းဖြေ အနားယူနိုင်မှာဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့