တောင်ကြီး ဒီဇင်ဘာ-၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၈)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ရေကန်အဆင့်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ရန်နှင့် ကန်ပတ်လည်လျှောက်လမ်းဆောင်ရွက်မည့်နေရာအား သွားရောက် ကြည့်ရှူစစ်ဆေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ရေကန်အတွင်း ဆောင်းခိုဌက်များ လာရောက်အနားယူမှုရှိသည့်အတွက် ဒိုက်မှော်များ ဖယ်ရှားမှုမပြုဘဲ အမှိုက်များကိုဆယ်ယူ၍ သန့်ရှင်းသပ်ရပ်စွာထားရှိရန် မှာကြားခဲ့ သည်။
အဆိုပါဂနိုင်ရေကန်၌ ကန်ပတ်လျှောက်လမ်းများ ဆောင်ရွက်ပေးခြင်းဖြင့် အများပြည်သူ အပန်းဖြေအနားယူနိုင်ခြင်း၊ ကျန်းမာရေးအရလေ့ကျင့်ခန်းများဆောင်ရွက်နိုင်ခြင်း၊ ကန်ရေပြင်ကို ဖြတ်၍တိုက်ခက်လာသော သန့်ရှင်းသည့်လေကိုရှုရှိုက်နိုင်ခြင်း၊ ရေကန်ကိုပတ်၍လမ်းများ လျှောက်နိုင်ကြောင်း၊ ပြည်သူများအတွက်အကျိုးပြုမှာဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးရေးအတွက် တောင်ကြီးမြို့ရှောင်လမ်းဖြစ်သည့် လေးမိုင်ကွေ့ နောင်ထလီ-ညိုမီး-နောင်ပနားဗွာ-လင်ကွင်း-ထီရီ(မွေးမြူရေးဇုန်)-ရွှေညောင် တည်ဆောက်လုပ်ငန်းများအား သွားရောက်ကြည့်ရှူစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့ရှောင်လမ်းဘေးရှိမြေနေရာများအားစိစစ်ရန်၊ လမ်းနယ်မြေဧရိယာများ သတ်မှတ်ပေးရန်လိုအပ်ပါကြောင်း၊ မြေအသုံးချမှုကိုသေချာစိစစ်ဆောင်ရွက်ပြီး စနစ်တကျ အသုံးပြုရန်၊ စနစ်တကျရှိသောလမ်းနှင့် စနစ်တကျရှိသောမြို့ပြဖြစ်ရန်လိုအပ်ပြီး ပြည်သူများက အသိအမှတ်ပြုမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများမှ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် ပေးကြရန် ဖြည့်စွက်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်ပနားဗွာ-လင်ကွင်း-ထီရီ(မွေမြူးရေးဇုန်)-ရွှေညောင်လမ်းပိုင်းတွင် ကုန်တင်ယာဥ်ကားကြီးများ သွားလာနိုင်ရန်အတွက် မတ်စောက်သည့်နေရာများတွင် မြေညှိခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးခြင်း၊ ရွှေညောင်ကုန်တင်ကားကြီးကွင်း(တည်ဆောက်ရေးစီမံကိန်း)တို့အား သွားရောက်ကြည့်ရှုစစ်ဆေး၍ ငွေကမ္ဘာအပန်းဖြေဥယာဥ်ရှေ့ရှိ ကုန်တင်ယာကားကြီးများ အဝင်အထွက်သွားလာနိုင်ရေးအတွက် လမ်းတိုးချဲ့မည်နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေးသာယာ(ထုံးဖို)စျေးကို EXCELLENT MYANMAR DEVELOPMENT Group Co.,Ltdမှ တာဝန်ယူဆောက်လုပ်သည့် လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းဝင်းနှင့် ကုမ္ပဏီတာဝန်ခံတစ်ဦးတို့က ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လုပ်ငန်းများသတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရန်နှင့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးကြရန် မှာကြား၍ လုပ်ငန်းဆောင်ရွက်နေသော အဆောက်အဦများ၊ ထုံးဖိုစျေးနှင့်စျေးအတွင်း အမှိုက်ကန်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့