တောင်ကြီး ဒီဇင်ဘာ-၃
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဒီဇင်ဘာလ (၃)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးပညာရေးကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပညာရေး ခရီးလမ်းကြောင်းတွင် အရည်အသွေးပြည့်ဝသည့် ဆရာကောင်းများပေါ်ထွက်ရေးအတွက် ဆရာအတတ် ပညာဌာနများက စနစ်တကျလေ့ကျင့်ပေးနိုင်ရန် အလွန်ပင်အရေးကြီးပါကြောင်း၊ နိုင်ငံအတွက်ပညာအခြေ ပြု လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာအတတ်ပညာ အရည်အသွေးပြည့်ဝသောဆရာများ မွေးထုတ်ပေးနိုင်အောင် ပညာရေးဒီဂရီကောလိပ်များမှာ (ပထမနှစ်မှစတုတ္ထနှစ်ထိ) ၄နှစ်သင်ကြားရမည့် သင်ရိုးသစ်များကို အခြေခံပညာသင်ရိုးသစ်များနှင့် အံဝင်ဂွင်ကျဖြစ်သည်အထိ ပညာရှင်များစွာနှင့် နိုင်ငံတော်အဆင့်ရေးဆွဲပြီး သင်တန်းများမှာ လေ့ကျင့်ပေးနေခြင်းဖြစ်ပါကြောင်း၊ ၄ နှစ်သင်တန်းပြီးစီးသည့် အခါ B.A/ B.SC (Education) ဘွဲ့ပေးအပ်ပြီး အလယ်တန်းပြဆရာအဖြစ် ခန့်အပ်တာဝန် ပေးအပ်မှာ ဖြစ်ကြောင်း၊ ယခုနှစ် ပညာသင်နှစ်တွင် ပထမနှစ်ဝင်ခွင့်ရရှိသည့် အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၅၂)ဦး၊ စုစုပေါင်း(၇၅)ဦး၊ ဒုတိယနှစ်မှ စတုတ္ထနှစ်ထိ (၆၃၉)ဦး၊ စုစုပေါင်း(၇၁၄)ဦးသော ကျောင်းသား၊ ကျောင်းသူတို့အနေဖြင့် နိုင်ငံတိုးတက်အောင်တည်ဆောက်ပေးနိုင်မည့် အနာဂတ်နိုင်ငံ့သားကောင်းများကို မွေးထုတ် ပေးနိုင်မည့် ဆရာကောင်းများဖြစ်အောင် ကြိုးစားလေ့ကျင့်သင်ယူကြရန်ပြောကြားသည်။
ထို့နောက် ၄ နှစ်သင်၊ သင်တန်းနှင့်ပတ်သက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ဒုတိယ ကျောင်းအုပ်ကြီး ဒေါက်တာမိမိ မှ ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ ကျောင်းသူများမှ သရုပ်ပြသကာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအတွက် ထောက်ပံ့ငွေ ပေးအပ်ရာ ဒုတိယကျောင်းအုပ်ကြီးဒေါက်တာမိမိက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံရံကပ်ပြဘုတ်များအားလှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့