ကျိုင်းတုံ နိုဝင်ဘာ-၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၃၀) ရက်၊ မွန်းလွဲ (၁) နာရီခွဲက ကျိုင်းတုံမြို့ခေမာရဌ်ရိပ်သာ၌ကျင်းပသည်။
လုပ်ငန်းညှိအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရောက်ရှိစဥ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများကို လိုအပ်သလိုမှာကြားခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်နေ့သည့် ဌာနများမှ တာဝန်ရှိသူအသီးသီးကို ညွှန်ကြားချက်နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ချပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်ရှိစွာဖြင့် နိုင်ငံတော်အတွက် အခွန်ခမပေးဆောင်လိုသည့်ရည်ရွယ်ချက်ဖြင့် မှောင်ခိုဆောင်ရွက်နေသော လုပ်ငန်းရှင်များရှိနေပါသဖြင့်ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရန် ဂိတ်တွင်တာဝန်ကျနေသည့် သက်ဆိုင်ရာအရာထမ်း၊ ဝန်ထမ်းများ၏ တာဝန်ဖြစ်ပါကြောင်း၊ ပြည်နယ်အဆင့်တွင်လည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များဖွဲ့စည်းထားသလို ခရိုင်၊ မြို့နယ်များတွင်လည်း ဖွဲ့စည်းထားပြီးဖြစ်၍ ပြင်းထန်စွာသတိပေးဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တရားမဝင် ကုန်သွယ်မှုများရှိနေသဖြင့် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းနှင့် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ အကြံအဥာဏ်များတင်ပြစရာရှိပါက မှတ်သားဆောင်ရွက်ပြီး ပြည်နယ်အဆင့်ဖြင့်ဆောင်ရွက်ရမည်ဆိုပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု အဆင့် တင်ပြရမည့်ကိစ္စများဖြစ်ပါက တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင် က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာသည့် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဝမ်ပုံဆိပ်ကမ်းရေကြောင်းရဲတပ်ဖွဲ့၊ မယ်ယန်း စစ်ဆေးရေးဂိတ်၊ နောင်နွန်းစစ်ဆေးရေးဂိတ်၊ ကျိုင်းဖောင်းစစ်ဆေးရေးဂိတ်၊ ဝမ်တာပုံစစ်ဆေးရေး ဂိတ်၊ ဝမ်တာပင်းစစ်ဆေးရေးဂိတ်အသီးသီးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကုန်သွယ်စီးဆင်းမှုမြန်ဆန်ရေး၊ မှန်ကန်ရေး၊ ဆောင်ရွက်ရန်နှင့် ပို့ကုန်မြန်ဆန်အောင် တက်ရောက်လာသည့် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးခြင်းတွင် အကြံပြုဆွေးနွေးပေးကြရန်ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်များက ဆွေးနွေး တင်ပြကြရာ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့