တောင်ကြီး နိုဝင်ဘာ-၂၂
အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၂၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယနေ့ဆွေးနွေးပွဲကို စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ မိတ်ဖက်ဌာနများ နှင့်အတူ ပြည်နယ်အတွင်း ပို့ကုန်အမည်စုံလင်စွာ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ် နိုင်စေရေးအတွက် ကြုံတွေ့ရမည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်နိုင်ပြီးအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအတူပူးပေါင်း ဆောင်ရွက်နိုင်စေရေး၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များနှင့် ပြည်တွင်း၌ Online ရောင်းချမှုများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအားသိရှိပြီး ကုန်သွယ်မှု များကို မှန်ကန်စွာဆောင်ရွက်နိုင်ရေး တို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးစားပေးကဏ္ဍအနေဖြင့် စျေးကွက်ဝင်အရည်အသွေးမီ ထုတ်လုပ်တင်ပို့ နိုင်ရန်၊ အသိပညာပေးရန်၊ အခက်အခဲများဖော်ထုတ်ရန်နှင့် ဖော်ထုတ်ရရှိချက်များကို ဖြေရှင်းပေးရန် ရည်ရွယ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် ဆွေးနွေးပွဲသည် ရှမ်းပြည်နယ်မှ ပို့ကုန်နှင့်MSMEလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများအတွက် အလွန်အကျိုးများပြီး အမှတ်တကယ်လိုအပ်သည့် ဆွေးနွေးပွဲဖြစ်၍ အတူပူးပေါင်းဆွေးနွေး အဖြေရှာကာ ပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အတူလက်တွဲဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးပွဲကရရှိလာသည့်ရလာဒ်များ၊ အကြံပြုချက်များ၊ လုပ်ဆောင်ရမည့် ကဏ္ဍများ၊ အသိပညာများကို မိမိတို့နီးစပ်ရာပြန်လည်လက်ဆင့်ကမ်းအသိပေး၍ အတူပူးပေါင်း ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာက အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက်ရောက် လာသည့် လုပ်ငန်းရှင်များအားရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော ဒေသထွက် ပစ္စည်းများကို ကြည့်ရှုကြကြောင်းသိရသည်။
အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင် (၇) ဦးမှ စက်မှုထုတ်ကုန် ပစ္စည်းများ ဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးခေါင်းစဥ်၊ အရည်အသွေးမီစိုက်ပျိုးရေး ထုတ်ကုန်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ နိုင်ရေးခေါင်းစဥ်၊ စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန် များတွင် ပါဝင်ရမည့်အကြောင်းအရာများ ခေါင်းစဥ် ပို့ကုန်၊ သွင်းကုန်လက်မှတ်နှင့် Online Sales လက်မှတ်လျှောက်ထားရန် လုပ်ငန်းစဥ်များခေါင်းစဥ်၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်း သိကောင်းစရာများခေါင်းစဥ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၏ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်ချက်များနှင့် MSMEs ထုတ်ကုန်များပြည်ပတင်ပို့နိုင်ရေး လိုအပ်ချက်များခေါင်းစဥ်ဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့