ပင်လုံ နိုဝင်ဘာ-၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အတူနိုဝင်ဘာလ (၂၁) ရက်၊ နေ့လယ် (၁၂) နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)မှ ဝန်ထမ်းများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် တွေ့ဆုံကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သြဝါဒအမှာစကားပြောကြားရာ လူမျိုးတိုင်းဘာသာစကားရှိကြပြီး တိုင်းရင်းသားအားလုံးသည် နိုင်ငံအပေါ်သစ္စာစောင့်သိပြီး နိုင်ငံအပေါ်သစ္စာရှိရန်၊ နိုင်ငံတော်အတွက်အရေးကြီးသည် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက် အကူပြုရန်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြိုးစားသင်ယူပေးကြရန်၊ အစား၊ အသောက်၊ နေထိုင်ရေးတို့ကိုလည်း နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးထားပါကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တစ်နှစ်တစ်တန်းအောင်မြင်အောင် ကြိုးစားကြရန်၊ စည်းကမ်းပိုင်းတွင်လည်းမည်သည့်တာဝန်ကိုထမ်းဆောင် သည်ဖြစ်စေ အခြေခံအကျဆုံးမှာ စည်းကမ်းစနစ်တကျရှိရန်လိုအပ်ပါကြောင်း၊ မိမိဘဝ၊မိမိပတ်ဝန်းကျင်အတွက် ကောင်းမွန်ရန်စည်းကမ်းရှိပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံအတွက် အနာဂတ်ကာလတွင်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သောတစ်ထောင့်တစ်နေရာတွင် အားကိုး ရသော လူငယ်များဖြစ်စေရေးကြိုးစားပေးကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကျောင်းအတွက် လိုအပ်သော နေရာတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ရာ နယ်စပ်ဒေသတိုင်းရင်းလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းကျောင်းရှိကျောင်းသူအိပ်ဆောင်၊ စာကြည့်တိုက်နှင့်ရိက္ခာစတိုခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်လုံမြို့မေတ္တာအေးရိပ်ပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သစ်ပင်စိုက်ပျိုးပေးကြပြီး လားရှိုးမြို့သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္တဒေါက်တာပုညနန္နအဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်လင်မြို့သာသနာဝေပုလ္လဓါတ်တော် ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဆရာတော်အားဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့