ကျိုင်းတုံ နိုဝင်ဘာ-၆
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည် အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ (၆) ရက် နံနက် (၉) နာရီက ကျိုင်းတုံမြို့၊ အမှတ်(၄)အထက်တန်းကျောင်း၌ကျင်းပသည်။
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျိုင်းတုံ မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” သီချင်းဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖက်ရှိန်မြှင့်ရေးပွဲတော်၊ စာဖက်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီ၏ ပံ့ပိုးမှုနှင့်အတူ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးတွင် စာဖက်ရှိန်မြှင့်တင်ရေးပွဲတော် အကြိမ် (၁၀၀) ဆောင်ရွက်ရန်လျာထားပြီးဖြစ်၍ နိုင်ငံတော်၏ အစီအစဥ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၇)ကြိမ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၃)ကြိမ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၂) ကြိမ်၊ စုစုပေါင်း (၁၁) ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့်ပွဲတော်သည် ကျိုင်းတုံမြို့တွင် စတုတ္ထအကြိမ်မြောက် ကျင်းပသည့်ပွဲတော်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း (၁၂) ကြိမ်မြောက်ကျင်းပသည့်ပွဲတော်ဖြစ်ပါကြောင်း၊ အလားတူနိုင်ငံတော်၏ အစီအစဥ်အပြင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏အစီအစဥ်များနှင့်လည်း စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ဆက်လက်ဆောင်ရွက်သွားရန်ပြောကြားလိုကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျပ်သိန်း (၁၅၀) နှုန်းဖြင့် စာကြည့်တိုက်အသစ် (၂၄) တိုက်ကို တည်ဆောက်နေသလို ကျပ်သိန်း(၅၀)နှင့် အကြောင်းအမျိုးမျိုးကြောင့်ရပ်နားခဲ့ရသည့် စာကြည့်တိုက် (၄) တိုက်ကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသည့်လုပ်ငန်းများရှိပါကြောင်း၊ ယနေ့တွင်လည်း ကျိုင်းတုံမြို့၊ ကတ်ဇင်းကျေးရွာစာကြည့်တိုက်၊ ဝမ်မိုင်ကျေးရွာစာကြည့်တိုက် (၂) တိုက်ကို ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ များအတွက် အမှန်တကယ်အကျိုးဖြစ်စေနိုင်သည့် စာအုပ်၊ စာပေများကို သက်ဆိုင်ရာ စာကြည့်တိုက်များတွင် ထားရှိပေးနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ပေးရန်၊ စာပေဖတ်ရှုခြင်းမှာ အပျော်ဖတ်စာပေကစပြီး ဗဟုသုတရရှိသည့်စာပေအထိဖတ်ရှုရန် လိုအပ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ရည်ရွယ်ချက်ရှိစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသောကြောင့် တာဝန်ရှိသူတွေအားလုံးကအလေးထားဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အာခါတိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ကြပြီး ဘင်ခရာတပ်ဖွဲ့နှင့် အခြေခံပညာအထက်တန်းအဆင့်၊ စာစီစာကုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ကပြဖျော်ဖြေပေးသည့်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက် ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ထောက်ပံ့ငွေများတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်မှူးဦးအာဗျေတို့မှ အသီးသီးလက်ခံရယူ၍လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် က ဆုများချီးမြှင့် ပေးအပ်ပြီး တိုင်းမှူးမှ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ စာကြည့်တိုက်အတွက် အလှူငွေပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူ၍လည်းကောင်း၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးနှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ဆုများချီးမြှင့်ပေးကြကြောင်းသိရသည်။
၎င်းနောက် ပြည်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် စာအုပ်ပြခန်း၊ ခါးလှည့်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ၊ စာအုပ်နှင့်ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကျောင်းသား၊ ကျောင်းသူများမှ စကားပုံဆက်နှင့် ကျောင်းစာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ကတ်ဇင်းကျေးရွာ၊ “ မျှော်လင့်ခြင်း” စာကြည့်တိုက်ဖွင့်ပွဲ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင့် တို့က စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ရှမ်းပြည်နယ်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ နာယက ပြည်နယ်ဝနကြီးချုပ်ဦးအောင်အောင် က အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက် အဆောက်အဦသစ်မှတ်တမ်းလွှာနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စာကြည့်တိုက်အတွက် ထောက်ပံ့ ငွေကျပ် (၁၀) သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းဝေမှ လက်ခံရယူ၍လည်းကောင်း၊ ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးနိုးဝေ က ကျပ်(၁၄) သိန်းတန်ဖိုးရှိ ပရိဘောဂများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပေးရာ စာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မှ လက်ခံရယူပေးပြီး ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျထော က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
၎င်းနောက် ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာ “ဝမ်မိုင်စာကြည့်တိုက်” အဆောက်အအုံကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီနာယက ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက်အဆောက်အအုံသစ်မှတ်တမ်းများနှင့် စာကြည့်တိုက်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေကျပ်(၁၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အာင် က ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှလက်ခံရယူ၍လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်၊ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင် က စာအုပ်စာစောင်များပေးအပ်ရာ ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် က အသီးသီးလက်ခံရယူပေးပြီး ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဝမ်မိုင်ကျေးရွာအုပ်စု မိုင်းလင်းကျေးရွာအုပ်စုရှိ ခန်လွန်ကုမ္ပဏီလီမိတက်မှ လက်ဘက်ခြောက်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့