ကျိုင်းတုံ နိုဝင်ဘာ-၅
၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် စံချိန်တင် မိုးရွာသွန်းခြင်း၊ တောင်ကျချောင်းများကြောင့် လျှပ်တပြတ်ရေကြီးခြင်း၊ ရေကြီးရေလျှံနှင့် တောင်ပြို၊ မြေပြိုမှုများကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ပြည်သူများ နေအိမ်ပျက်စီးမှု များအတွက် ထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာလ (၅) ရက်၊ မွန်းတည် (၁၂) နာရီခွဲက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း ရေကြီးရေလျှံသည့်မြို့ပေါင်း (၂၂) မြို့၊ ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်သည့်မြို့ (၁၁) မြို့၊ စခန်းပေါင်း (၉၄) ခု ဖွင့်လှစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်မြို့ (၂၈) မြို့နယ်တွင် ဘေးဒုက္ခခံစားခဲ့ရပါကြောင်း၊ မြို့ပေါင်း (၂၈) မြို့နယ်တွင် ကဏ္ဍပေါင်းစုံပျက်စီးခဲ့ရာပျက်စီးမှုတန်ဖိုး (၁၃၉.၈၂၆) ဘီလီယံဖြစ်ကြောင်း၊ ရေကြီးရေလျှံ ၊မြေပြိုမှုများကြောင့် ရှမ်းပြည်နယ်အတွင်း လူ (၉၂) ဦး သေဆုံးခြင်း၊ (၄၇) ဦးဒဏ်ရာရထိခိုက်ခြင်း၊ နေအိမ်ပေါင်း (၄၃၃၆၆) လုံး၊ ရေဝင်နစ်မြုပ်သည့် အနက် နေအိမ်ပေါင်း (၈၁၂) လုံး လုံးဝပျက်စီးခဲ့ခြင်း၊ နေအိမ်ပေါင်း (၁၄၆၁၈) လုံး၊ တစ်စိတ် တစ်ပိုင်းပျက်စီးခြင်း၊ စာသင်ကျောင်းပေါင်း ၂၃၆ ကျောင်း၊ ဆေးရုံး၊ ဆေးပေးခန်း (၆၉၂) ခု ရေနစ်မြုပ်ခြင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်းရှိ မြို့နယ် (၃) မြို့နယ်တွင် အိမ်ခြေပေါင်း (၁၆၁၃) လုံး၊ ရေဝင်နစ်မြုပ်ခဲ့ပြီး လူဦးရေ (၆၇၁၈) ဦး ဘေးဒဏ်ခံစားခဲ့ရပါကြောင်း၊ လူနေအိမ် (၁၂) လုံး လုံးဝပျက်စီး၍ လူနေအိမ် (၁၃) လုံး တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ ကျိုင်းတုံမြို့တွင် ရေဘေးရှောင်စခန်း(၃)ခု ဖွင့်လှစ်ပြီး ရေဘေးရှောင်စခန်းတွင် လူဦးရေ (၅၁၇) ဦး ခေတ္တခိုလုံရပြီး တောင်သူဦးရေ (၁၃၄၅) ဦး၏ စိုက်ပျိုးမြေ (၂၄၃၄) ဧက ရေနစ်မြုပ်ခဲ့ပြီး (၂၂၂) ဧက ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ ကဏ္ဍအသီးသီးအလိုက် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ကျပ်သန်းပေါင်း (၄၂၃၅.၈၇၂) သန်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ ယခုအခမ်းအနားတွင် ကျိုင်းတုံမြို့နယ်အတွင်း ထိခိုက် ပျက်စီးခဲ့သည့်နေအိမ် (၁၈) လုံးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၃၅၁)သိန်းအား၊ လုံးပျက်စီးနေအိမ် (၆)လုံး အတွက် အိမ်ခြေ (၁) လုံးလျှင် (၂,၃၅၀,၀၀၀ိ/) နှုန်းနှင့် တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးနေအိမ် (၁၂) လုံးအတွက် အိမ်ခြေ (၁) လုံးလျှင် (၁,၇၅၀,၀၀၀ိ/) နှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ရေဘေးရှောင်စခန်းတွင် ခေတ္တတိမ်းရှောင်ခဲ့ရသည့် အိမ်ထောင်စု(၁၁၂)စုအတွက် ကမ္ဘောဒီယား နိုင်ငံမှ လှူဒါန်းသောဆန် (၁၁၂) အိတ်နှင့် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဗဟိုဌာန (AHA-Center)နှင့် အိန္ဒိယနိုင်ငံမှလှူဒါန်းသောလူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ကျိုင်းတုံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်လုံးဝပျက်စီးသွားသည့် နေအိမ် (၁) လုံးလျှင် (၂၃၅၀၀၀၀ိ/)နှုန်းဖြင့် အိမ်ထောင်စု(၆)စုနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် (၁) လုံးလျှင် (၁၇၅၀၀၀၀ိ/) နှုန်းဖြင့် အိမ်ထောင်စု (၄) စုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့်ပြည်သူများမှ လက်ခံရယူ၍လည်းကောင်း၊ ကျိုင်းတုံမြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် (၁) လုံးလျှင် (၁၇၅၀၀၀၀ိ/) နှုန်းဖြင့် အိမ်ထောင်စု (၈) စု၊ ရေဘေးသင့်အိမ်ထောင်စု (၁၁၂) စု အတွက် ဆန်အိတ် (၁၁၂) အိတ်၊ AHA Centre နှင့် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် လူသုံးကုန်ပစ္စည်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်စိုးလှိုင် က ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့် ပြည်သူများမှ အသီးသီးလက်ခံရယူကြကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ရာဂီမုန်တိုင်းအရှိန် မိုးဒဏ်ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့သည့် နမ့်လပ်ချောင်းပေါင် (ဝဲ/ယာ) (၆) နေရာရှိ ချောင်းပေါင်များကျိုးပေါက်မှု ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ကျိုင်းတုံမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့