တာချီလိတ် နိုဝင်ဘာ-၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ တာဝန်ရှိသူတို့နှင့်အတူ နိုဝင်ဘာလ (၄) ရက် နံနက် (၈) နာရီက တာချီလိတ်ခရိုင်ရှိ ရွှေတိဂုံစေတီအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံသာများ ဆက်ကပ်ပူဇော်ပေးကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်မြို့ ပုံလို့ဆရာတော်ဘုရား ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မအဘိဝိသေသလဇ္ဇိပေသလသာသနာလင်္ကာရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဟာသဒ္ဓမ္မဇောတိကဓဇအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ် မြန်မာနိုင်ငံ+ထိုင်းနိုင်ငံနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအား သွားရောက်ကြည့်ရှူစစ်ဆေးရာ တံတားအဝင်အထွက်လမ်းဘေးရှိ မြက်များ၊ ချုံများရှင်းလင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများကို လမ်းညွှန်မှာကြားခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ မိုင်းဆတ်-မိုင်းခုတ်-မိုင်းဖြတ်လမ်းပေါ်ရှိ တံတားအမှတ် (၂/၉၅) သာယာအေးတံတား (၂၄၀) ပေ ပြန်လည်ပြုပြင်နိုင်ရန် တံတားအထူးအဖွဲ့ (၁၂) ဒုတိယ ညွှန်ကြားရေးမှူး ဦးသန့်ဇင် မှ တံတားဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့ဗုဒ္ဓဥယျာဥ်သို့ သွားရောက်၍ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓနနာယက အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)အား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပေးကြပြီး အဘယရာဇမုနိဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ် လှူဒါန်းပူဇော်ပေးကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနများနှင့်အတူ ကျိုင်းတုံမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဟိုနားအောက်ရွာရှိ ဒေါ်ရွှေရည်ဖူးမွေးမြူထားသော နို့စားနွားမွေးမြူရေးခြံအား သွားရောက် ကြည့်ရှုရာ ကျိုင်းတုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က နို့စားနွားအားတိုးဆေးများ ထောက်ပံ့ပေးအပ်ရာ နို့စားနွားမွေးမြူရေးပိုင်ရှင် ဒေါ်ရွှေရည်ဖူး မှ လက်ခံရယူကြောင်းသိရသည်။
အဆိုပါ ရွှေသရဖူနို့စားနွားမွေးမြူရေးခြံတွင် လုပ်ငန်းစတင်ချိန် မွေးမြူရေးကောင်ရေ နို့စားနွားမကြီး (၄) ကောင်နှင့် လက်ရှိမွေးမြူထားသည့်ကောင်ရေ နွားထီး ၁ ကောင်၊နို့ပေးနွားမ၁ ၈ ကောင်၊ နွားငယ် ၁၁ ကောင်၊ စုစုပေါင်း ၃၀ ကောင်မွေးမြူထားကြောင်းနှင့် လက်ရှိနို့ထွက်ရှိမှု ပိဿာ (၇၀) ပိဿာ၊ လက်ရှိဒိန်ချဥ်ပြုလုပ် နို့ပိဿာ (၃၀) ပိဿာထွက်ရှိပြီး စားကျက်မြက်စိုက်ပျိုးသည့်ဧက(၀.၇၅) ဧက ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့