တောင်ကြီး သြဂုတ်-၂၇
၂၀၂၄ ခုနှစ် အသက်(၁၈)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ် ပြိုင်ပွဲတွင် စံချိန်သစ်(၅)ခု တင်နိုင်ခဲ့ပြီး အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိခဲ့သည့် ရှမ်းပြည်နယ်ပြေးခုန်ပစ် အသင်းအား ကြိုဆိုခြင်းကို သြဂုတ်(၂၇)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှေ့မှစ၍ ပြည်နယ်အားကစားလေ့ကျင့်ရေးရုံအထိ အောင်ပွဲရ ပြေးခုန်ပစ် အုပ်ချုပ်သူ၊ နည်းပြများ၊ ပြေးခုန်ပစ်အားကစားသမားများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကစားသမားများ နှင့် ဒေသခံပြည်သူများက လမ်းဘေးဝဲယာမှ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့နောက် ပြေးခုန်ပစ်အသင်းအားကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်နယ်အားကစား လေ့ကျင့်ရေးရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က၂၀၂၄ ခုနှစ် အသက်(၁၈)နှစ် အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ် ပြိုင်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားပြေးခုန်ပစ် အသင်းမှရွှေ(၁)ခု၊ ငွေ(၁)ခု၊ အမျိုးသမီးပြေးခုန်ပစ်အသင်းမှရွှေ(၅)ခု၊ ငွေ(၆)ခု၊ ကြေး(၃)ခုစသဖြင့် ဆုတံဆိပ်များစွာရရှိခဲ့ပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့်စံချိန်သစ် (၅) ခုတင်နိုင်ခဲ့သည့် အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း၊နောင်လာမည့်နှစ်များတွင်လည်း ယခုထက် ပိုမိုအောင်မြင်မှုရရှိအောင် ဆက်လက်ကြိုးစားလေ့ကျင့်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီး တံခွန်စိုက်ဖလား ရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသမီး ပြေးခုန်ပစ်အသင်းမှ တံခွန်စိုက် ဖလားကို အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားတစ်ဦးတို့က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံအပ်နှံကြသည်။
ထို့နောက် အမျိုးသမီးတံခွန်စိုက်ဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ် ပြေးခုန်ပစ်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၁၀၀)နှင့် ယခုနှစ် စံချိန်သစ်တင်ခဲ့သော အမျိုးသား(၁၀) ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင် (၂)ဦး၊ အမျိုးသမီး သံပြားဝိုင်း ပစ်ပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင် (၁)ဦး၊ မီတာ(၂၀၀၀ ) တားဆီကျော်ပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင် (၁)ဦး၊ မီတာ(၄၀၀×၄)လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင် အဖွဲ့ဝင် (၄)ဦးတို့အား ငွေကျပ်(၁၀) သိန်းစီကို ပြည်နယ်ဝန်ကြီးချုပ် က ပေးအပ်ရာ နည်းပြ၊ အုပ်ချုပ်သူ၊ အားကစားသမားများမှ လက်ခံရယူကြသည်။
ယင်းနောက် ရှမ်းပြည်နယ်အောင်ပွဲရပြေးခုန်ပစ် အသင်းကိုယ်စားလှယ်(၁)ဦးက ပြိုင်ပွဲ အတွေ့အကြုံများ ရှင်းလင်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်ပွဲရအားကစားသမားများနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရ အားကသားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့