ကျိုင်းတုံ သြဂုတ်-၂၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် သြဂုတ်(၂၂)ရက်နံနက်(၆)နာရီက ကျိုင်းတုံမြို့ သီလဓမ္မ ကုန်းသာတောရကျောင်းတိုက်သို့ သွားရောက်ကာ ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းပေးကြပြီး ကျိုင်းတုံမြို့ ကောင်းမူးခမ်းဆရာတော် ဘဒ္ဒန္တဝိဇေယျ အမှူးပြုသော ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖက်ပူဇော်မှုကို တရားတော်နာယူ၍ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓါန နာယက အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒထံ ပြည်နယ်ဝန်ကြီးချုပ်   နှင့် အလှူရှင်များက နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ကျိုင်းတုံမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  နှင့် စီးပွားရေးလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေး လျှင်မြန်စွာလည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ကုန်သွယ်ရေး လျှင်မြန်စွာလည်ပတ်နိုင်ရေးအတွက် အင်တာနက်လိုင်း ဆက်သွယ်ရေးစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ လုပ်ငန်းလိုအပ်ချက်များရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြရန်လိုအပ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များတွင် မိုင်းပျဥ်း – တာချီလိတ်လမ်း  ကြန့်ကြာမှုမရှိစေရန် တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပို့ကုန်နှင့်ပတ်သက်၍ ခွင့်ပြုပေးသည့်ဌာနများကလည်း ပို့ကုန်များကို အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်မှာဖြစ်ကြောင်း၊ ပို့ကုန် သွင်းကုန်များကိုလည်း ကြန့်ကြာမှုမရှိအောင် လျှင်လျှင်မြန်မြန် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာအခွန်ရရှိရေးအတွက် တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်၍ စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန (တာချီလိတ်ကုန်သွယ်ရေးစခန်း)မှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးတင်စိုးက ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်း အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး ဆောင်ရွက်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အင်တာနက်လိုင်း ဆက်သွယ်ရေးစနစ်များ ကောင်းမွန်စွာရရှိရေး လိုအပ်ချက်များအားလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်လျှပ်စစ်အင် ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက နယ်စပ်ကုန်သွယ်ရေးစခန်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အင်တာနက်လိုင်း ဆက်သွယ်ရေးစနစ် ဆောင်ရွက်မည့်အခြေအနေများအား လည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ကပါလျှိုး – ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်း အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန် လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေး၊ အင်တာနက်လိုင်းရရှိရေး လုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြီးစီးစေနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ရှိ လမ်းဦးစီးဌာန ရှင်းလင်းဆောင်ခန်းမသို့ ရောက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းက မိတ္ထီလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ်လမ်း(တာကော်-မိုင်းပျဥ်း)တွင် ယခင်က ယာဥ်စီးရေ ၂၀၀ ခန့်သာ ဖြတ်သန်းသွားလာပြီး ယခုကာလတွင် ယာဥ်စီးရေ ၇၀၀ ဝန်းကျင်ခန့် ယာဥ်ကြီး/ ယာဥ်ငယ်များ နေ့စဥ်ဖြတ်သန်းသွားလာမှု အခြေအနေနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မိုးရာသီကာလအတွင်း ယာဥ်ကြောကြပ်တည်းခြင်းနှင့် ပိတ်ဆို့ခြင်းများ မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပိုင်းအလိုက် ယာဥ်ကြောပိတ်ဆို့မှု မဖြစ်ရေး၊ ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုမဖြစ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက လူအင်အား၊ စက်ပစ္စည်းအင်အားသုံး၍ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စီမံဆောင်ရွက် ပေးကြရန်၊ လုပ်ငန်းနှင့်စပ်လျဉ်း၍ အခက်အခဲများရှိပါက တင်ပြပေးရန်၊ လုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ လမ်းမဘေးရှိ ဝါးရုံပင် ပိတ်ဆို့သည့်နေရာများကို ရှင်းလင်း ဆောင်ရွက်ပေးရန်မှာ ကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိတ္ထီလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ်လမ်းပေါ်ရှိ သံလွင်တံတား(တာကော်) (၁၁၅၁.၆၃) ပေတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် တံတားတည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၁၂)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က သံလွင်တံတား(တာကော်) တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်နှင့်တစ်ပြေးညီးပြီးစီးရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ တံတားပြီးစီးပါက ဝန်ထမ်းများစနစ်တကျထားရှိနေနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန် နှင့် ကားများဝင်ထွက်သွားလာမည့် နေရာစနစ်တကျရှိရေး စီမံဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး သံလွင်တံတား (တာကော်)အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့