မိုင်းဆတ် သြဂုတ်-၁၉
စည်းလုံးညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် စားရေရိက္ခာဖူလုံရန်အတွက် တောင်းဆုပြုသည့်ပွဲတော်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် အူးဖူဒေ့ကျေးရွာတွင် သြဂုတ်(၁၉)ရက်နံနက်(၉)နာရီခွဲက အဆိုပါ ကျေးရွာ၌ (၁၄)ကြိမ်မြောက် အာခါရိုးရာစုပေါင်းဒန်းစီးပွဲတော် ကျင်းပသည်။
ဒန်းစီးပွဲတွင် အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုမှ ဒန်းစီးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒန်းစီးပွဲအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊တို့က ဒန်းစီး၍ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဒန်းစီးပွဲတော် အထိမ်းအမှတ်အဖြစ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးပေးကြပြီး ဘိုးဘေးတို့ အောက်မေ့ဘွယ် ခန်းမဆောင်တွင် အာခါတိုင်းရင်းသား ရိုးရာပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက်ဒန်းစီးပွဲတော် ဒုတိယပိုင်းအစီအစဉ်ကို အာခါတိုင်းရင်းသားရိုးရာခန်းမ၌ကျင်းပရာ အာခါတိုင်းရင်းသား၊ တိုင်းသူများက အာခါရိုးရာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အာခါတိုင်းရင်းသာများသည် မိမိတို့၏ ရိုးရာ၊ ယဥ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်မှုများကို ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ဘိုးဘေးတို့၏ လက်ဆင့်ကမ်း အမွေအနှစ်ပွဲတော်များကို လစဥ်မပြတ်ကျင်းပလျှက်ရှိကြောင်း၊ နှစ်စဥ် အာခါလူမျိုးအသုံးပြုသော ပြက္ခဒိန်(ချော်လာ့)သြဂုတ်လ၏ ပထမ(ကျွဲ)နေ့ ကျရောက်သောရက်မှ အစပြု၍ ရဲခူအဖွေး`ဒန်းစီးပွဲတော်´ရာသီ ကျရောက်ပြီး အာခါလူမျိုးများ နေထိုင်ရာဒေသအားလုံးမှာ ယခုပွဲတော်ကို ကျင်းပလျက်ရှိကြောင်း၊ `ရိုးရာဒန်း´ကိုပြင်ဆင်ရာတွင် ဓလေ့ထုံးတမ်းနှင့်အညီ သဘာဝပေါက်ပင်၊ သစ်ခေါက်ပင်၊ တောကြီးနွယ်ပင်များကိုယူဆောင်ပြီး အာခါမျိုးနွယ်စု(၄)စုအပါအဝင် ရွာသူရွာသားများ၏ စုပေါင်းအားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရကြောင်း၊ မိမိတို့၏ရိုးရာဓလေ့များနှင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းကြရန် ဂုဏ်ပြုလို့ကြောင်း ပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အာခါဒန်းစီးပွဲတော်အတွက် အလှူငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်က အမှာစကားပြောကြားကာ ပွဲတော်အတွက် အလှူငွေကျပ်သိန်း(၅၀)ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာကားပြောကြား၍ ပွဲတော်အတွက် အလှူငွေကျပ်(၁၀)သိန်းပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီများမှ လက်ခံရယူပြီး အူးဖူဒေ့ကျေးရွာ၊ ရွာသားတစ်ဦးမှ ရပ်ရွာနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး အာခါတိုင်းသားအကြီးအကဲ ဦးမင်းညိုမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အာခါတိုင်းသား၊ တိုင်းရင်းသူများက အာခါရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အာခါတိုင်းရင်းသား၊ တိုင်းသူများဖြင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့