တောင်ကြီး သြဂုတ်-၁၅
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရန် ပညာရေးကို အဓိက ဦးစားပေး ဆောင်ရွက်လျက်ရှိရာ သြဂုတ်(၁၄)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက တောင်ကြီးမြို့နယ်၊ မဲတောင်း ကျေးရွာအုပ်စုရှိ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) သို့သွားရောက် ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ကွန်ပျုတာတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာခင်စန္ဒာအောင်က ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ လိုအပ်ချက်များ ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအဝင်လမ်း၊ မုဒ်ဦးနှင့် သန့်ရှင်းရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်၊ ကျောင်းဝင်းအတွင်း ပန်းအလှများ စိုက်ပျိုး ထားရှိနိုင်ရန် နေ့စားလပေးသန့်ရှင်းရေး ဝန်ထမ်းများ ခန့်အပ်ထားရှိရေး တို့ကို လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ဆရာကြီး ဦးသာတင်ညွန့်က ကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းရာ မြေဧက(၃၀)ကို ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)မှ ခွဲဝေရရှိထားပါကြောင်း၊ ကျောင်းဖွင့်လှစ်နိုင်ရန် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ဒီဇင်ဘာလတွင် လျာထားပါကြောင်း၊ ယခုသြဂုတ်လတွင် ဆရာ၊ဆရာမများ ရောက်ရှိမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလတွင် ဝင်ခွင့်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့်သင်တန်းတွင် မြို့ပြအင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်အင်ဂျင်နီယာသင်တန်း၊ စက်မှု အင်ဂျင်နီယာသင်တန်းနှင့် ကျောင်းသားဦးရေကို သင်တန်းတစ်မျိုးစီ (၄၀)ဦး လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆရာ၊ဆရာမများအား ကျောင်းနှင့် ပတ်သက်၍ တင်ပြစရာများရှိပါက တင်ပြပေးကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းစရာများရှိပါက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားပြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး) ကျောင်း အဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ(၄)ခန်းတွဲ(၄)ထပ် အဆောက်အဦ၊ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး) နောက်အဝင်လမ်း ကတ္တရာခင်းဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
၎င်းနောက် သြဂုတ်လ ၁၅ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)သို့ သွားရောက်၍ တိုက်ပွဲရှောင်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိလုပ်ကိုင်နေသည့် လုပ်ငန်းများ ရပ်တန့် မသွားအောင် ပုံမှန်ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆရာ၊ဆရာမ အပါအဝင် ကျောင်းသား၊ ကျောင်းသူ(၇၀၀)ဦးခန့် တိုက်ပွဲရှောင်လာသည့်ကို သိရှိရပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသလို ဌာနများကလည်း ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား၌ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆန်၊ ဆီ၊ အားကစားပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ကယားပြည်နယ် ကွန်ပျူတာတက္ကသိုလ်၊ လားရှိုးကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်တို့မှ လက်ခံရယူပြီး လားရှိုးကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းစုစုအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြ ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး