ဟဲဟိုး ဩဂုတ် – ၈
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းများမဖြစ်ပေါ်စေရေးနှင့် ဖြစ်ပွားသည့်မှုခင်းများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၃ ရက် ည ၁၀၃၀ အချိန်တွင် ကလောခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းကျေးရွာ၊ ခဲသတ္တုတူးဖော်ထုတ်လုပ်နေသော “မင်းသားကြီး” ကုမ္ပဏီတွင် တရုတ်နိုင်ငံသား ကုမ္ပဏီဝန်ထမ်း Mr Liu Youngbin (စာရင်းကိုင်)မှာ ယာဘက်ရင်ဘတ်သွေးများထွက်ပြီး လဲနေကြောင်း သတင်းရရှိသဖြင့် ဟဲဟိုးနယ်မြေရဲစခန်း၊ စခန်းမှူး ဦးစီးအဖွဲ့များမှ သက်သေများနှင့် အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒဏ်ရာရ တရုတ်နိုင်ငံသားအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ၎င်းအား “မင်းသားကြီး”ကုမ္ပဏီဝန်ထမ်း တရုတ်စကားပြန် ကိုရဲလင်းထွန်းမှ တစ်ဆင့် ဖြစ်စဉ်မေးမြန်းခဲ့ရာ အဆိုပါ တရုတ်နိုင်ငံသား အခန်းတွင်းရှိနေစဉ် အမည်မသိလူတစ်ဦး ရောက်ရှိလာပြီး ငွေသေတ္တာအား လက်ညှိုးထိုးပြီး ငွေပေးရန် ဟန်အမူအယာ ပြုလုပ်နေသဖြင့် တရုတ် နိုင်ငံသားမှ အမည်မသိလူအား အခန်းအပြင်သို့ တွန်းထုတ်ခဲ့သဖြင့် အမည်မသိလူမှ အသင့်ပါလာသော ဓါးဖြင့်ထိုး ထွက်ပြေးသွားကြောင်းသိရှိရ၍ ဟဲဟိုးနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခဲကြောင်း သိရသည်။
ဩဂုတ်လ ၆ ရက်တွင် ပြစ်မှုကျူးလွန်ခံရသူ တရုတ်နိုင်ငံအား ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် ထပ်မံမေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍာန်မှာ အရပ် ၅ ပေ ၄ လက်မခန့်၊ ပိန်ပိန်ပါးပါး၊ အသက်(၂၀)ခန့် ဖြစ်ကြောင်း သိရှိရသဖြင့် ဟဲဟိုးနယ်မြေရဲစခန်းမှ စခန်းမှူး ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ “မင်းသားကြီး”ကုမ္ပဏီသို့သွားရောက်၍ ကုမ္ပဏီဝန်ထမ်းများအား စုံစမ်းစစ်ဆေးမှု များပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ပြောပြချက်နှင့်တူညီသည့် သားသားချစ် ဆိုသူနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ ၎င်းသည် အခင်းဖြစ်ပွားသည့်နေ့တွင် အရက်အလွန်အကျွံသောက်စားနေကြောင်း၊ အရက်မူးလာလျှင် ၎င်းကိုင်ဆောင်သော ဖုန်းအား ရိုက်ခွဲတတ်သည့် အလေ့အကျင့်ရှိကြောင်း၊ ယခုအခါ ၎င်းတွင် ဖုန်း အသုံးပြုရန် မရှိကြောင်း၊ ၎င်း လစာဖြင့် ဖုန်းဝယ်ရန် မလုံလောက်ကြောင်း သိရှိရသဖြင့် သားသားချစ်အား ဘော်ဆိုင်းရဲကင်းသို့ ခေါ်ဆောင် စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းသည် လွန်ခဲ့သော(၂)နှစ်ခန့်မှ စ၍ “မင်းသားကြီး”ကုမ္ပဏီတွင် လစာ (၁၈၀၀၀၀)ကျပ်ဖြင့် ဝင်ရောက် လုပ်ကိုင်ခဲ့သော်လည်း ဝင်ငွေနှင့် ထွက်ငွေမမျှဖြစ်နေပြီး အခင်းဖြစ်သည့်နေ့တွင် သုံးစရာပိုက်ဆံလည်းမရှိ၊ ဖုန်းဝယ်ရန်လည်းမရှိသဖြင့် စိတ်ညစ်ပြီး ကြံရာမရဖြစ်ကာ ယခင်ကထက် အရက်ပိုသောက် မိကြောင်း၊ ထို့နောက် တရုတ်နိုင်ငံသား Mr Liu Youngbin အခန်းသို့ ဝင်ရောက်ပြီး ပိုက်ဆံ(၃)သိန်းပေးရန် ဟန်အမူအယာပြ၍တောင်းသော်လည်း အဆိုပါ တရုတ်နိုင်ငံသားမှ ၎င်းအားတွန်းထုတ်ရာ အသင့်ပါလာသောဓါးဖြင့် ရင်ဘတ် အားထိုး၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် အရိုးအသွား (၇)လက်မခွဲခန့်ရှိ စတီးဓါးအား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန် ထွက်ပြေး တိမ်းရှောင်နေသည့် သားသားချစ် အား အမှုဖြင့် ဖမ်းဆီးနိုင်ခဲကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး