တောင်ကြီး သြဂုတ်- ၆
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်း တမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ထမ်းမိသာစုများက စားသောက်ဖွယ်ရာများကို ဒုတိယအကြိမ်ပေးပို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများ၊ ပြည်နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် စားသောက်ဖွယ်ရာများကို စေတနာ၊ မေတ္တာအပြည့်ဖြင့် စိတ်အား ထက်သန်စွာ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး သြဂုတ်၅ရက်၊ နေ့မွန်းလွဲပိုင်းက ပြင်ဆင်ထုပ်ပိုး ဆောင်ရွက် နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ခေါက်ဆွဲခြောက်ထုပ် (၅၀၀၀)၊ ငါးသေတ္တာဘူး (၃၀၀၀)၊ ကော်ဖီမစ်ထုပ် (၅၀၀၀)၊ သီးစုံဓါတ်ဆားထုပ် (၅၀၀၀)၊ ပဲပုတ်ကြော်ထုပ် (၂၀၀၀) ၊ ငါးကလေးကြော်ထုပ် (၂၀၀၀)၊ ဆေးလိပ်အထုပ် (၁၀၀၀)၊ လက်ဖက်ထုပ် (၅၀၀၀)၊ ချိုချဥ်အထုပ် (၁၀၀၀)၊ချောင်းဆိုးပျောက်ဆေးအထုပ် (၃၀၀၀)၊မဟာဖြေဆေးအထုပ် (၃၀၀၀)၊ ငါးပိထောင်း အထုပ်(၅၀၀၀)နှင့် စုစုပေါင်း အစားအသောက် (၁၂)မျိုးပါ အထုပ်(၁၀၀၀)ကို ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုး ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် “အများအကျိုးအတွက်ကိုယ်ကျိုးကိုစွန့် အသက်ကိုရင်းပြီးတိုက်ပွဲဝင်နေသည့်ကာလတစ် လျှောက်မှာ ဘေးဥပါဒ်ကင်း အန္တရာယ်ကင်းစင်၍တိုက်ပွဲတိုင်းတွင် အောင်ပွဲဆင်နိုင်ပါစေ၊” “နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အသက် အိုးအိမ်စည်းစိမ်ဥစ္စာကို အသက်ပေးကာကွယ်စောင့်ရှောက်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများ အားလုံး ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းဝေးပါစေ၊” “တရားသောစစ်ဆင်နွဲနေသည့် တပ်မတော်သားများအားလုံး အောင်ပွဲ အမြန်ဆုံးရကြပြီး အောင်ပွဲနဲ့အတူ အိမ်ပြန်လာမည့်နေ့ကို မိသားစုတွေနဲ့အတူ အောင်သပြေပန်းနှင့် ကြိုဆိုနေပါမယ်” မိမိတိုင်းပြည် မိမိလူမျိုးတို့အား အသက်နှင့်ရင်း၍ ကာကွယ်စောင့်ရှောက်နေသော ရှေ့တန်းရောက် သူရဲကောင်း စစ်သည် များအတွက် “တရားသောစစ်ကိုဆင်နွဲသောတပ်မတော်သားအားလုံးအောင်ပွဲများရရှိပါစေ” အစရှိသည့် ဆုတောင်း မေတ္တာစာလွှာများ ထည့်သွင်းပေးပို့ခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ထမ်းမိသားစုများက စုစုပေါင်းငွေကျပ်သိန်း(၂၀၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာ (၁၂)မျိုးပါ အထုပ်ပေါင်း (၁၀၀၀)ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သြဂုတ်(၆)မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးအပ်လှူဒါန်းရာ တိုင်းစစ်ဌာနချုပ်ဧည့်ခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်အမှာ စကားပြောကြားပြီး ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လက်ခံရယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် တပ်မတော်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ရှေ့တန်းရောက် တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး