ညောင်ရွှေ ဩဂုတ် – ၆
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းများမဖြစ်ပေါ်စေရေးနှင့် ဖြစ်ပွားသည့်မှုခင်းများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက် မွန်းလွှဲ ၀၃၄၅ အချိန်တွင် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ရေတွင်းကြီးကျေးရွာ ကျောက်တောင်သွားလမ်းဘေးချုံစပ်တွင် အမည်မသိလူငယ်(၁)ဦး လဲကျသေဆုံး နေကြောင်း သတင်းရရှိသဖြင့် ညောင်ရွှေမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ညောင်ရွှေမြို့မရဲစခန်းမှူး ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်နား အောက်တွင် ထိုးသွင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေကြောင်း၊ အေးသာယာမြို့၊ နည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား မောင်ဟိန်းထက်အောင် ဖြစ်ကြောင်းသိရှိရသဖြင့် သေဆုံးသူအား ၁၇၄၅ အချိန်တွင် ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်ကလဲဒစ် မှ ၂-၈-၂၀၂၄ ရက်နေ့ ၁၉၁၀ အချိန်တွင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ညောင်ရွှေမြို့မရဲစခန်း၊ (ပ)၇၂/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲကြောင်း သိရှိရသည်။
လူသတ်မှုကျုးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ဖမ်းဆီးရမိရေးအတွက် ပြည်နယ်မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သေဆုံးသူ ဟိန်းထက်အောင် တက်ရောက်နေသည့် နည်းပညာ တက္ကသိုလ်(အေးသာယာ)သို့ သွားရောက် စုံစမ်းခဲ့ရာ ၂-၈-၂၀၂၄ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် နည်းပညာတက္ကသိုလ် ကျောင်းသား ဘုန်းနိုင် ဆိုသူနှင့်အတူ ဆိုင်ကယ်ဖြင့် ပြန်သွားကြောင်း၊ ၎င်းတို့(၂)ဦး စကားများရန်ဖြစ်ခဲ့ကြောင်း သိရှိရသဖြင့် ကလောခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များ၊ အေးသာယာနယ်မြေရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဘုန်းနိုင်အား စုံစမ်းရှာဖွေခဲ့ရာ ၁၉၃၀ အချိန်ခန့်တွင် အေးသာယာမြို့၊ အမှတ်(၄၇၃)၊ နယ်မြေ(၈)(က/၂)၊ (၈)ရပ်ကွက်တွင် ရှာဖွေတွေ့ရှိခဲကြောင်း သိရသည်။
ဘုန်းနိုင်အား စစ်ဆေးခဲ့ရာ နည်းပညာတက္ကသိုလ်တွင် စကားများရန်ဖြစ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မကျေနပ်သောကြောင့် အခင်းဖြစ်နေရာသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် အရိုးအသွား (၇)လက်မခွဲခန့်ရှိ စတီးဓါးအား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဘုန်းနိုင်အား အခင်းဖြစ်ချိန်မှ (၄)နာရီ အတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး