တောင်ကြီး သြဂုတ်-၄
ပြည်နယ်စီးပွားရေးရာဝန်ကြီး အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်း တင်ပြခြင်းကို သြဂုတ်(၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်အဆင့် ဌာနဆိုင်ရာ များမှ ရုံးလုပ်ငန်းနှင့် ပတ်သက်၍ လာရောက်ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို လာရောက်ရှင်းပြမှသာ ဌာန၏လိုအပ်ချက်များကို သိရှိကူညီပေါင်းစပ်ဖြေရှင်း ပေးနိုင်မည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာနှင့် ပြည်နယ်ဦးစီးမှူးတို့က ဌာန၏ဝန်ထမ်း အင်အားဖွဲ့စည်းပုံ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဌာန၏လိုအပ်ချက်များကို အသီးသီးရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပြည်နယ်စီးပွားရေးရာဝန်ကြီး အောက်ရှိ ပြည်နယ်အဆင့်ဌာဆိုင်ရာများ၏လိုအပ်ချက်တင်ပြမှုများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး