တောင်ကြီး ဇူလိုင်-၃၀
(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၁/၂၀၂၄)ကို ဇူလိုင်(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်တွင် အောက်တိုဘာ(၁၄)ရက်နေ့မှ (၂၃)ရက်နေ့အထိ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ်(၅/၂၀၂၄)တွင် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခာဏာနှင့် ပတ်သက်ပြီး ထိန်းသိမ်းရန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆို၊က၊ရေး၊တီးပြိုင်ပွဲအား အဆင့်ရှိရှိ ယှဥ်ပြိုင်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ယခုနှစ် ထူးခြားမှုအဖြစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပြိုင်ပွဲကြီး ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားများ၏ ရိုးရာတူရိယာပစ္စည်းများကို ပေါင်းစပ်ပြီး စုပေါင်းတီးမှုတ်ဖျော်ဖြေသွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာတူရိယာများကို အသုံးပြုပြီး သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားများနှင့် ရေးစပ်သီဆိုပြီး အချိန်သတ်မှတ်ချက် ၅မိနစ်နှင့် ၈မိနစ်အတွင်း ယှဥ်ပြိုင်သွားကြရမှာဖြစ်ပြီး တိုင်းရင်းသားရိုးရာအကအနေဖြင့် ချင်းတိုင်းရင်းသားရိုးရာအကကို အခြားပြည်နယ်များနှင့် တိုင်းဒေသကြီးများနည်းတူ ရှမ်းပြည်နယ်မှ ယှဥ်ပြိုင်ရမည် ဖြစ်ကြောင်း၊ ရှေ့မီနောက်မီ ပညာရှင်ကြီးများက မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်လူငယ်များကို မှန်ကန်စွာ ရွေးချယ်ပြီး ဖော်ထုတ်ပေးကြရန်၊ ဒေသခံတိုင်းရင်းသားများ ပါဝင်ယှဥ်ပြိုင်နိုင်ရေးကို တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ပေးနိုင်ရန်ပြောကြားသည်။
ဆက်လက်၍ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော လုပ်ငန်းကော်မတီများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အရေး၊အတီးပညာရှင်များမှ ဆွေးနွေး၍ တက်ရောက်လာကြသူများမှ အထွေထွေထွေဆွေးနွေးကာ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖြည့်စွက်ဆွေးနွေး၍ နိဂုံံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့