တောင်ကြီး ဇူလိုင်-၂၉
ဟိုတယ်၊ တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဝန်ဆောင်မှု အရည်သွေးပြည့်ဝနေစေရေးအတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၃)မျိုးကို (၄)ပတ်ကြာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဇူလိုင်(၂၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၃)မျိုး သင်တန်းဆင်းပွဲ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုလိုတောင်ကြီးမြို့တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းပြီးပါက ကလောမြို့နှင့် ကျိုင်းတုံမြို့များတွင် ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ ဟိုတယ်ဝန်ဆောင်မှု ကဏ္ဍတွင် ဝန်ထမ်းစုစုပေါင်း (၄၅၀၉)ဦး ရှိသည့်အနက် (၂၂၀၄)ဦးသည် သက်ဆိုင်ရာ သင်တန်းများကို တက်ရောက်ပြီးဖြစ်ကြောင်း တွေ့ရှိရသည့် အတွက် ယေဘုယျအားဖြင့် (၅၀)ရာခိုင်နှုန်းခန့် သင်တန်းတက်ရောက်ပြီး ဖြစ်ပါကြောင်း၊ သင်တန်းများ ဆက်လက် ဖွင့်လှစ်ပို့ချရေးသည် စဥ်ဆက်မပြတ် ဆောင်ရွက်နေရမည့် ကိစ္စရပ်ဖြစ်သည်အတွက် ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယနေ့သင်တန်းတွင် ပြီးမြောက်အောင်မြင်အောင် တက်ရောက်ကြသည့် ဟိုတယ်ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို ပိုမိုကျွမ်းကျင် တတ်မြောက်သည်အထိ ဆက်လက်လေ့လာ ဆည်းပူးကြရန်နှင့် မိမိလုပ်ဖော်ကိုင်ဖက်များကိုလည်း ပြန်လည်မျှဝေပေးရန်၊ လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချပြီး မိမိအရည်အသွေးများကို ပိုမိုတောက်ပြောင် အောင် ကြိုးစားကြရန် ပြောကြားသည်။
ဆက်လက်၍ သင်တန်းဆင်း ထူးချွန်ဆုများရရှိသည့် ဧည့်ကြိုဝန်ဆောင်မှု ဘာသာရပ်၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး ဝန်ဆောင်မှု ဘာသာရပ်၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုဘာသာရပ်တွင် ပထမဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယ၊ တတိယဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ပြည်နယ်တရားလွှတ် တရားသူကြီးချူပ်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးတို့ကလည်းကောင်း၊ ဧည့်ကြိုဝန်ဆောင်မှု ဘာသာရပ်၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဝန်ဆောင်မှု ဘာသာရပ် အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုဘာသာရပ် သင်ကြားပေးသော သင်တန်းနည်းပြများအား ပြည်နယ် သယံဇာတ ရေးရာဝန်ကြီးက ဂုဏ်ပြုလက်မှတ်နှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေး၍လည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို ပြည်နယ်လူမှုရေးရာရေးဝန်ကြီးက အသီးသီးပေးအပ်ချီးမြှင့်ပေးကြပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တင် ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့