တောင်ကြီး ဇူလိုင်-၁၈
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ်(၃/၂၀၂၀၄)၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း အမှတ်စဥ်(၄/၂၀၂၄)၊ မုန့်မျိုးစုံထုတ်လုပ်မှုသင်တန်း အမှတ်စဥ်(၂/၂၀၂၄)နှင့် (၃/၂၀၂၄) လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုသင်တန်း အမှတ်စဥ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ဇူလိုင်(၁၈)ရက်နံနက်(၈)နာရီခွဲက အေးသာယာ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အစည်းအအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တတ်နိုင်သမျှ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရန် အသက်မွေးဝမ်းကြောင်းပညာ သင်တန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေထောက်ပံ့ပေးခဲ့သည့်ပြင် တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့် လျှပ်စစ်မီး ရရှိရေးများကိုလည်း သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် (၅)လတာကာလအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း(၃)ကြိမ်၊ အခြေခံကွန်ပျူတာသင်တန်း(၂)ကြိမ်၊ မုန့်မျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်း(၃)ကြိမ်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း(၁)ကြိမ်အပါအဝင် စုစုပေါင်း သက်မွေးပညာသင်တန်း(၉)ကြိမ်ကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၈၀)ဦးဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားပြီး မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များနှင့် ထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ သင်တန်းသားများမှ လက်ခံရယူ၍လည်းကောင်း၊ ကွန်ပျူတာ၊ မုန့်မျိုးစုံထုတ်လုပ်မှု၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များနှင့် ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်၍လည်းကောင်း၊ သင်တန်းဆရာများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆရာများမှ အသီးသီးလက်ခံရယူကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနုတ်ဆက်၍ သင်တန်းသူများမှ ပြုလပ်ထားသော ကိတ်မုန့်များ၊ ဖော်ရည်များ၊ အိမ်သုံးကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့