တောင်ကြီး ဇူလိုင်-၁၆
၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင်(၁၆)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ ပြေးခုန်ပစ်အားကစားနည်းကို ပြည်သူလူထုမှ ပြန်လည်စိတ်ဝင်စားလာစေရေး၊ လူငယ်မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်လာစေပြီး မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားပေါ်ထွက်လာစေလိုကြောင်း၊ ယခုယှဥ်ပြိုင်ကစားကြမည့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အားကစားသမားများအနေဖြင့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကိုနာခံ၍ သတ်မှတ်ထားသော ဥပဒေဘောင်စည်းမျဥ်းများအရ သန့်ရှင်းစွာယှဥ်ပြိုင်ကစားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့များအား လိုက်လံနှုတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ကာ ပြိုင်ပွဲစတင်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြို့နယ်(၂၈)မြို့နယ် ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇူလိုင်(၁၆)ရက်မှ (၁၈)ရက်နေ့အထိ ယှဥ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့