တောင်ကြီး ဇူလိုင်-၁၅
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ ပူးပေါင်းစီစဥ်မှုဖြင့် ဇူလိုင်(၁၅)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရေဝေရေလဲ ဧရိယာအတွင်း ကွက်လပ်ဖြစ်နေသော တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဥ်ဖြင့် သစ်စေ့မြေလုံး (Seed Ball)ကြဲချခြင်း ဆောင်ရွက်မည့် သစ်မျိုးစေ့များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဟဲဟိုးလေယာဥ်ကွင်း၌ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ အင်းလေးကန်ရေဝေရေလဲအတွင်း ကွက်လပ်ဖြစ်နေသော အင်းလေးအနောက် ကြိုးပြင်ကာကွယ်တော၊ အင်ကြင်းကုန်းကျေးရွာအနီးနှင့် ထီးလှိုင်ကျေးရွာအနီး တောင်ကုန်း တောင်တန်းများတွင် သစ်စေ့မြေလုံး (Seed Ball) ကြဲချမည့် သစ်စေ့များမှာ ကုလားကုက္ကို (၁၆၁၆၆၆)လုံး၊ မဲဇလီ(၂၆၁၆၇)လုံး၊ ဘောစကိုင်း(၉၁၆၆၇)လုံး၊ အော်ရီရှား(၂၆၆၆၇)လုံး၊ မန်ဂျန်ရှား(၂၃၃၃၃)လုံး)စုစုပေါင်း (၂၀၀၀,၀၀၀) ကြဲချသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟဲဟိုးလေယာဥ်လေဆိပ် အဆောက်အဦအတွင်း၊ အပြင်များ ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများကို လေယာဥ်ကွင်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ အမှိုက်များ၊ မြက်များ ကင်းရှင်းရေးနှင့် ခြံစည်းရိုးကာရံထားသည့် ပျက်စီးနေမှုကို ပြန်လည်ပြုပြင်ရန်၊ မလိုအပ်သော ဓါတ်မီးတိုင်များ ဖယ်ရှားရန်နှင့် လမ်းညွှန်ဆိုင်းဘုတ်များ သေချာသပ်ရပ်စွာ ထားရှိရန် မှာကြားခဲ့သည်။
အဆိုပါဟဲဟိုးလေဆိပ်သည် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအောက်ရှိ တာဝန်ရှိသူများမှ ဆောင်ရွက်နေပြီး ၂၀၂၄-၂၀၂၅ခုနှစ်တွင် တင်ဒါအောင်မြင်သော HEHO AEROGROND Co.Ltdမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆင့်မြှင့်လေဆိပ် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှ ဟဲဟိုးလေဆိပ်အဝင်လမ်း ပေအရှည်၃၃၈၀နှင့် အကျယ်(၁၈)ပေ လမ်းကွန်ကရစ်ကတ္တရာလမ်းခင်း ဆောင်ရွက်မည့် နေရာအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
၎င်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဟဲဟိုး) ကျောင်းတွင် ကျောင်းအုပ်ကြီး၊ ဆရာ၊ဆရာမများ၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် တက်ရောက်သင်ကြားနေသော စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းသား၊ ကျောင်းသူများနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုပညာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ပညာသင်နှစ်မှစတင်၍ အခြေခံပညာ အထက်တန်းကျောင်း (၅၁)ကျောင်း ဖွင့်လှစ်ဆောင်ရွက်ပြီး မိမိဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်ရာ စုစုပေါင်း (၈၅)ကျောင်းအထိ ရှိလာပြီး ရှမ်းပြည်နယ်တွင် (၁၅)ကျောင်း ပါဝင်ဖွင့်လှစ်လျှက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းသား၊ ကျောင်းသူတို့မှာရှိသည့် စိုက်ပျိုးနည်းစနစ်များ၊ ဒေသနှင့်ကိုက်ညီမည့် သီးနှံပုံစံနှင့်သီးနှံမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရန် နည်းလမ်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ လေလွင့်ဆုံးရှုံးမှု နည်းပါးစေမည့် နည်းလမ်းများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများကို စိုက်ပျိုးတောင်သူထံ အသုံးချနိုင်ရေး အတွက် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟဲဟိုး)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစုစုထွေးက ကျောင်းသမိုင်းနှင့် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ ကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းသား၊ကျောင်းသူများ လက်တွေ့စိုက်ပျိုးထားသော သခွားသီးပင်၊ မှုံညင်းပင်၊ ကော်ဖီပင်၊ အားလူးပင်၊ ပြောင်းဖူးပင် အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှူခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟဲဟိုးအင်းခေါင်ရှိ အမှတ်(၇) အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဝင်းက ၂၀၂၄-၂၀၂၅ခုနှစ် ပညာသင်နှစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာမကြီး၊ သင်ကြားပြသပေးသော ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက ကျောင်း၏ လိုအပ်ချက်များတင်ပြကြ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးပြီး စက်မှုစိုက်ပျိုးမွေးမြူရေးစာသင်ခန်းများအား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အမှတ်(၇) အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးကျောင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့