တောင်ကြီး ဇူလိုင်-၁၀
လူငယ်များအတွက် လိုအပ်နေသော အသိအမြင်ကြွယ်ဝစေရန်အတွက် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ်-တောင်ကြီးတို့ ပူးပေါင်းကျင်းပသည့် “လူငယ်ကားဝိုင်း”ကို ဇူလိုင်(၉)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ဆေးတက္ကသိုလ်တောင်ကြီး ဘက်စုံခန်းမ၌ ကျင်းပည်။
“လူငယ်စကားဝိုင်း”တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ်တောင်ကြီးတို့ ပူးပေါင်းပြီး လူငယ်များအတွက် လိုအပ်နေသော အသိအမြင် ကြွယ်ဝ စေရန် လူငယ်စကားဝိုင်းကို ဆောင်ရွက်ပေးသည့်အတွက် အလွန်ကောင်းမွန်သည့် လုပ်ငန်းဆောင်ရွက်ချက် တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းများသည် ဗလငါးတန်ထဲတွင် ဥာဏဗလဟုခေါ်သည့် ဥာဏ်ပညာဖွံ့ဖြိုးစေရန် စာရိတ္တဗလ ဟုခေါ်သည့် ကိုယ်ကျင့်သိက္ခာ ကောင်းမွန်စေရန် မိတ္တဗလဟုခေါ်သည့် မိတ်ဆွေအပေါင်းအသင်းကောင်းများ တိုးလာ စေရန်စသည့် ရည်ရွယ်ချက်ကောင်းများ ပြည့်စုံနေမှုကို တွေ့ရပါကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်း များ လူငယ်ရေးရာ အသိပညာဟောပြောပွဲများကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယနေ့လူငယ်များအနေဖြင့် မိမိတို့၏ မျှော်မှန်းချက် မိမိတို့၏ အနာဂတ်အတွက် လူငယ်စကားဝိုင်းမှတစ်ဆင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများသိရှိအောင် တင်ပြဆွေးနွေး ပြောဆိုခြင်းဖြင့် နောင်ကာလတွင် လူငယ်များအတွက် ကောင်းမွန်သည့် အနာဂတ်ကို မလွဲမသွေ ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးတက္ကသိုလ်တောင်ကြီး၊ ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်က လူငယ်စကားဝိုင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စည်းလုံးခြင်းအတွက် သီချင်းတပုဒ်ဖြင့် ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေတင်ဆက်ကြပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများက နေရာယူ၍ မိတ်ဆက်ကြပြီး စကားဝိုင်းကိုစတင်ရာ ဆေးတတ္ကသိုလ်တောင်ကြီး ဆေးပညာအခြေခံနှစ် (၁၁/၂၀၂၃) သင်တန်းမှ မောင်သန့်ဖြူစင်က လူငယ်နှင့် နည်းပညာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်တောင်ကြီး FialPar1မှ မစုယွန်းရွှေရည်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ် ဖြင့်လည်းကောင်း၊ ဆေးပညာအခြေခံနှစ် (၁၁/၂၀၂၃)သင်တန်းမှ မောင်ပိုင်မှူးစျာန်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဆေးပညာအခြေခံနှင့်ပညာသင်နှစ် (၁၁/၂၀၂၃)မှ မသိမ့်နှင်းစံက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ နောက်ဆုံးနှစ် အမ်ဘီဘီအက်စ်မှ မောင်ညီမင်းဟိန်းက လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ နောက်ဆုံးနှစ် အက်ဘီဘီအက်စ် အပိုင်း(ခ)မှ မောင်ကျော်ခိုင်စိုးက လူငယ်နှင့်လူကုန်ကူးမှု တိုက်ဖျက်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
၎င်းနောက် လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ခေါင်းစဥ်များကို ဆေးတက္ကသိုလ်တောင်ကြီး ကျောင်းသား၊ ကျောင်းသူများမှ မေးမြန်းကြရပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆေးတက္ကသိုလ်တောင်ကြီးအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ လက်ဆောင်များကို စကားဝိုင်းတွင် စေ့စပ်ညှိနှိုင်းပေးသူများ အားပေးအပ်ရာ ဆေးတက္ကသိုလ်တောင်ကြီး ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးတို့မှ လက်ခံရယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ နာယက ဒေါ်ညိုမိစောနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများက လူငယ်စကားဝိုင်းတွင် ပါဝင် ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍လည်းကောင်း၊ ဆေးတက္ကသိုလ် တောင်ကြီး ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်က တိုင်းရင်းသားအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့