တောင်ကြီး ဇူလိုင်-၂
၂၀၂၄ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်(၂)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ဗိုလ်လုပွဲအဖြစ် ညောင်ရွှေမြို့နယ်အသင်းနှင့် တာချီလိတ်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြရာ တာချီလိတ်မြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ တတိယဆုရရှိသော တောင်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ညောင်ရွှေမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ အရှေ့တန်းအကောင်းဆုံးဆု ရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က လည်းကောင်း၊ ပထမဆုရရှိသော တာချီလိတ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ငွေသားဆုနှင့်ပထမဆုဖလားတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆုများအသီးသီး ချီးမြှင့်ပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့