တောင်ကြီး ဇွန်-၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင်(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဇွန်(၂၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဘိန်းစိုက်ပျိုးမှုပပျောက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စေရန် မူးယစ်ဆေးဝါး ပပျောက် ရေး(၁၅)နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀၀ခုနှစ်မှ၂၀၂၃-၂၀၂၄ခုနှစ်ထိမြို့နယ်ပေါင်း(၅၅) မြို့နယ်တွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယနေ့ရှမ်းပြည်နယ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအနက် တရားရုံးပြီးပြတ်ခဲ့သော အမှုပေါင်း(၁၃၄၈)မှုမှ မူးယစ်ဆေးဝါးအမျိုးအစား (၁၈)မျိုးနှင့်ထိန်းချုပ် ဓါတုပစ္စည်းအမျိုးအစား(၁၉)မျိုး၊ မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် ဆက်စပ်ပစ္စည်း(၅)မျိုး၊ တန်ဖိုး အားဖြင့်မြန်မာငွေ ကျပ်(၄၅၆.၂၅၃၃၄)ဘီလီယံ၊ အမေရိကန်ဒေါ်လာ (၁၃၇.၀၁၃)သန်းကျော်အား မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ဖတ်ကြားပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်း ကြိုးပမ်းဆောင်ရွက်မှုVideo Clip ပြသ၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့်အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအားရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ကအသီးသီးဆုများချီးမြှင့်ပေးကြပြီး ဧည့်သည်တော် ကြီးများနှင့် ဆုရရှိကြသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက်(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးပပျောက်ရေးလှုပ်ရှားမှု ပြခန်းများအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
၎င်းနောက် အခမ်းအနားတတိယပိုင်းတွင် အဝေရာမီးပုံးပျံကွင်းအတွင်း၌ ကျင်းပသော ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းမင်းသိန်းက ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားတက် ရောက်လာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဧည့်သည်တော်များက ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သွန်ချဖျက် ဆီးပေးကြပြီး မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေး၍ သတ်မှတ်နေရာအသီးသီး မှ တစ်ပြိုင်နက် စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးပေးခဲ့ကာ မီးလောင်ကျွမ်းနေမှုကို ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ၂၀၂၄-ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မီးရှို့ဖျက်ဆီး မည့် မူးယစ်ဆေးဝါးတန်ဖိုး မြန်မာငွေကျပ် (၁၁၂၂.၁၈၉၆၃)ဘီလီယံကျော် ဖျက်ဆီးသွားမည်ဖြစ်ပြီး ၂၀၂၃-ခုနှစ်ထက် (၁၈၅.၄၆၆၆၃)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများကို ပိုမိုဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့