တောင်ကြီး ဇွန် ၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်(၂၄)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြိးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းသည် အရေးကြီး၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အစိုးရမူလတန်းကြိုကျောင်းများ၊ အသိအမှတ်ပြု ဖွင့်လှစ်ထားသည့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ရာတွင် အဆိုပါ ဘာသာရပ်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် ပါဝင်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ဆောင်ရွက်နေသည့် မူလတန်းကြိုကျောင်း(၁၈)ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း (၂၂၄) ကျောင်း၊ ကိုယ့်အားကိုယ်ကို မူလတန်းကြိုကျောင်း (၃၄၇)ကျောင်း စုစုပေါင်း (၅၈၉)ကျောင်းတွင် ကလေးသူငယ်ပေါင်း (၁၄၃၇၃၅)ဦးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိပြီး မူလတန်းကြိုကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက် ရောက်ကြသည့် မူကြိုဆရာ/ ဆရာမများအနေဖြင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြမှာ ဖြစ်ပါကြောင်းဖြင့် ထည့်သွင်း ပြောကြားသွားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေး အပ်ရာ ကိုယ်စားလှယ်ကျောင်းသူတစ်ဦးက လက်ခံရယူပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာသင်တန်းသူတစ်ဦးက လက်ခံရယူ၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ သင်တန်းသား/ သင်တန်းသူများ သည် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသား/ သင်တန်းသူများ၏ လက်တွေ့လုပ်ဆောင်ထားသည့် ပစ္စည်းများကို ကြည့်ရှုအားပေး၍ သင်တန်းသား/ သင်တန်းသူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့