တောင်ကြီး ဇွန်-၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲကို ဇွန်(၁၉)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်ရေးပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်မှာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်မှ စာဖတ်သည့် အလေ့အထ ဖြစ်ပေါ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပွဲတော်ကျင်းပ ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိမ်(၁၀၀) ဆောင်ရွက်ရန် လျာထားပြီး နိုင်ငံတော်၏ အစီအစဥ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၇)ကြိမ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင်(၄)ကြိမ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၂)ကြိမ် စုစုပေါင်း(၁၃)ကြိမ် ကျင်းပရန် စီမံဆောင်ရွက် ထားရှိပါကြောင်း၊ နိုင်ငံတော်၏ အစီအစဥ်အပြင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ အစီအစဥ်များနှင့်လည်း စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် များကို ဆက်လက်ကျင်းပ သွားမှာဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို ရည်ရွယ်ချက်ရှိစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေတာဖြစ်သည့်အတွက် တာဝန်ရှိ သူများအားလုံးက အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ထောက်ပံ့ငွေ ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေမှ လက်ခံရယူပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စာကြည့်တိုက်သို့ သွားကြစို့တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ကျောင်းသား၊ ကျောင်းသူများမှ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ပွဲရွှင်ပွဲများ၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာရေးဆရာမ ငွေခြည်လင်းလက် (မြန်မာစာ)က စာကြည့်တိုက်အားမာန်ခေါင်းစဥ်နှင့် စာရေးဆရာမမြင့်ရွှေဘိုက စာကြည့်တိုက်အရေးပါပုံနှင့် မိမိ၏ အတွေ့အကြုံ ခေါင်းစဥ်တို့ဖြင့် စာပေဟောပြောပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့