တောင်ကြီး ဇွန် – ၁၄
ရှမ်းပြည်နယ်လုပ်ငန်းကော်မတီ၏ လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်ဆောင်ရွက်မှု အခြေအနေကို ခွင့်ပြုရန်သင့်/မသင့်စိစစ်ခွဲခြားရန်အတွက်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဥ် (၂/ ၂၀၂၄) ကို ဇွန်(၁၄)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့်စံပြုလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ကြော်ငြာခဲ့ပြီးဖြစ်ကြောင်း၊ လယ်ယာမြေတွင် ခွင့်ပြုမိန့် မရရှိဘဲ ကျူးလွန်ဆောင်ရွက်မှုအခြေအနေကို ခွင့်ပြုရန်သင့်/ မသင့်စိစစ်ခွဲခြားရန်အတွက် ပြည်နယ်လုပ်ငန်း ကော်မတီကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဥက္ကဋ္ဌအဖြစ် ပါဝင်သော ပြည်နယ် အဆင့်ဌာနဆိုင်ရာ (၁၅)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ကျူးလွန်ဆောင်ရွက်မှု အခြေအနေကို ခွင့်ပြုရန် သင့်/မသင့် စိစစ်ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လစဥ်လဆန်း (၇)ရက်နေ့ မတိုင်မီ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ပေးပို့တင်ပြရမည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များမှ စိစစ်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ကျူးလွန်အသုံးပြုမှု အမျိုးအစားအလိုက် ညီညွတ်မှန်ကန်မှုရှိသောကိစ္စရပ်များနှင့် ညီညွတ် မှန်ကန်မှု မရှိသောကိစ္စရပ်များခွဲခြား စိစစ်စာရင်းပြုစုပြီး ကွင်းဆင်းစစ်ဆေးသည့် နေ့မှစ၍(၁)လအတွင်း ပြည်နယ် လုပ်ငန်းကော်မတီသို့ တင်ပြသွားရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့