တောင်ကြီး ဇွန်-၁၁
၂၀၂၄ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်(၁၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပဥ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ရှမ်းပြည်နယ်အသင်း အောင်မြင်မှု ရရှိရေး အောင်နိုင်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၄ခုနှစ်၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကစားလာစေရန်စသည့် ရည်ရွယ်ချက်များစွာဖြင့် ကျင်းပပြုလုပ် စီစဥ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ပထမအကြိမ်အဖြစ် ရန်ကုန်မြို့တွင် အားကစားနည်း (၂၂)နည်း၊ ဒုတိယအကြိမ် အားကစားနည်း(၂၄)နည်း၊ တတိယအကြိမ် အားကစားနည်း(၂၉)နည်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ်အဖြစ် နေပြည်တော်တွင် အားကစားနည်း(၂၇)နည်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ယခုကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့မှ(၂၀)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ Sports Complex အတွင်းဝန်ကြီးဌာနအဆင့် အားကစားနည်း(၆)နည်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)နည်းတို့ဖြင့် ကျင်းပပြုလုပ်သွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိရေးအောင်နိုင်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ပဥ္စမအကြိမ်အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် အားကစား နှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားနည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အားကစားဆပ်ကော်မတီများအလိုက် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများမှ အထွေထွေ ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။
အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၁၅ခုနှစ်တွင် စတုတ္ထအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခု၂၀၂၄ခုနှစ်တွင် ပဥ္စမအကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့