တောင်ကြီး ဇွန်-၁၀
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေ၂၀၁၈ ပြဌာန်းချက်နှင့် အညီ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး(၃/၂၀၂၄)ကို ဇွန်(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုအစည်းအဝေးတွင် ၂/၂၀၂၄နှင့် ၃/၂၀၂၄အကြား တင်ပြထားသည့် လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် ခရီးသွားလုပ်ငန်း ကော်မတီတို့က ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကို ဆွေးနွေးပေးကြရန်၊ အစည်းအဝေးတွင် တင်ပြရန်ရှိသည့် ကိစ္စရပ်များကို ယခုဒေသဆိုင်ရာ အစည်းအဝေးကို ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုချက်ရယူမှာဖြစ်သည့်အတွက် အစည်းအဝေး တက်ရောက်လာသူ များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန်၊ ရှမ်းပြည်နယ်ခရီးသွားလုပ်ငန်းကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်သည့် ဒေသဖြစ်၍ ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ၊ ခရီးဒေသအသစ်များလည်း ပေါ်ထွက်လျက်ရှိသည့်အတွက် စနစ်တကျစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်မှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာများ တင်ပြပြီး အစည်းအဝေးတက်ရောက်လာသူများမှ အထွေထွေဆွေးနွေး၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့