ဘော်ဆိုင်း ဇွန် – ၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကလောမြို့နယ်အထူးကုဆရာဝန်ကြီးများက ဘော်ဆိုင်းဒေသခံ ပြည်သူများအား ဇွန်(၄)ရက် နံနက်(၈)နာရီက ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသစမ်းသပ် ပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် လူမှုရေးရာဝန်ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ဆေးလာရောက်ကုသနေသော ဒေသခံ ပြည်သူများကို ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ဘော်ဆိုင်းပြည်သူ့ဆေးရုံအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ထောက်ပံ့ငွေပေးအပ်ရာ ဘော်ဆိုင်းပြည်သူ့ဆေးရုံ ဆရာဝန်ကြီးနှင့် ဆရာမများမှ လက်ခံရယူကြ သည်။
အဆိုပါ ဘော်ဆိုင်းဒေသခံပြည်သူများအား ကလောပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစန်းလှိုင်မှ ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများက အထွေထွေရောဂါ၊ ခွဲစိတ်အထူးကု၊ သွားနှင့် ခံတွင်း၊ ဓါတ်မှန်၊ ကလေးအထူးကု၊ သားဖွား မီးယပ်၊ အရိုးရောဂါတို့ကို စမ်းသပ်ကုသပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများက အမျိုးသမီးကုသဆောင် ဆေးများထုတ်ပေးနေမှု၊ ကျန်းမာရေး အသိပညာဟောပြောနေမှုနှင့် ကိုဗစ်-19 ကာကွယ် ဆေးထိုးပေးနေမှုကို ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဘော်ဆိုင်းမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာသင်ကြားနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု၍ ကျောင်းရှိစာကြည့်တိုက်၊ ကမ္ဘောဇခန်းမတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများမှ လက်ခံရယူကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့