တောင်ကြီး ဇွန်-၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များ အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၃)ရက် ညနေ့(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံ၌ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များ အလိုက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရရသည့် ရည်ရွယ်ချက်မှာဖူဆယ် အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖူဆယ်အားကစားနည်းများ ပြန့်ပွားလာစေရန်၊ မြန်မာ့ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ယခုပြိုင်ပွဲမှ ပြည်နယ်တွင် အားထားရသော ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရန် ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင် အားကစားသမား များနှင့် ဒိုင်အဖွဲ့များအားလိုက်လံနှုတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ ပထမပွဲစဥ်အဖြစ် ပအိုဝ်းက်ုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် ကျိုင်းတုံခရိုင်အသင်းတို့ ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ နှင့်ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသား(၁၂)သင်း၊ အမျိုးသမီး(၆)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇွန်လ(၃)ရက်မှ (၉)ရက်နေ့အထိ ယှဥ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့