တောင်ကြီး မေ-၃၀
ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးများအတွက် မိမိတို့ကဏ္ဍအလိုက် ဘေးအန္တရာယ် လျော့ပါးစေရေးနှင့် ဘေးဒဏ်ခံစားမှု လျော့နည်းစေရေးအတွက် ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သုံးသပ်အကြံပြုချက်များကို ထိရောက်စွာ ပါဝင်ဆွေးနွေးနိုင်ရန်အတွက် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဥ်များကို ထိရောက်အောင်ဆောင်ရွက်သည့် နေရာတွင် ပြည်နယ်အဆင့်မှ ခရိုင်/ မြို့နယ်များအဆင့်ထိ ရေးဆွဲထားရှိသော သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်များမှာပါရှိသည့် အတိုင်းဘေး မဖြစ်ပွားမီအချိန်တွင် ဆောင်ရွက်ရမည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဥ်များ၊ ဘေးဖြစ်ပွားသည့် နေချိန်တွင် ဆောင်ရွက်ရမည့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းစဥ်များနှင့် ဘေးဖြစ်ပွားပြီးချိန် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်များနှင့်အညီ မိမိတို့ ကဏ္ဍအလိုက် တာဝန်ကျေပွန်အောင် ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးသောင်းတင်ထွေးမှ ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့အစည်းထားရှိမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု တည်မြဲအမိန့် ရေးဆွဲထားရှိမှု အခြေအနေအား တင်ပြပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ ရှမ်းပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေတင်ပြ၍ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များမှ ဆွေးနွေးကြကာ တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြောင်း သိရသည်။
ထို့နောက်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သဘာဝသစ်တောများ ထိန်းသိမ်းရန်နှင့် မိုးရာသီသစ်ပင် စိုက်ပျိုးမည့် အစီအမံများကို ပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့