နောင်တရား မေ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ သဘာဝမြေဩဇာ စက်ရုံးဝန်းအတွင်း၌ မြန်မာနိုင်ငံစိုက်ပျိုးရေးနှင့် သုတေသနဌာန(DAR)နှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းတို့ ပူးပေါင်း၍ တစ်သျှူးကာချားနည်းဖြင့် အာလူးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို သုတေသနပြုလုပ်၍ စမ်းသပ်စိုက်ပျိုးသည့်လုပ်ငန်း အောင်မြင်ကြောင်း နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါ ယမအသင်း ဥက္ကဌထံမှ သိရသည်။
“ကျွန်တော်တို့ နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါ ယမအသင်းက သုတေသနပြုလုပ်ပြီး တစ်သျှူးကာချားနည်းဖြင့် မျိုးအာလူးများထုတ်လုပ်ပေးနိုင်ဖို့ အများကြီးမျှော်လင့်ထားပါတယ် သုတေသနလုပ်ငန်းမှာ ကုန်ကျစရိတ်တွေအရမ်းများပါတယ် အာလူးမျိုးထုတ်လုပ်နိုင်ရင်တော့ ကျွန်တော်တို့တောင်သူတွေ မျိုးအာလူးကို နိုင်ငံခြားကနေပြီး ဈေးကြီးပေးဝယ်ယူ စိုက်ပျိုးစရာမလိုတော့ဘူး ကိုယ့်ဒေသနှင့် ကိုက်ညီတဲ့ အာလူးကို စိုက်ပျိုးနိုင်ရင် အကျိုးအမြက်ပိုမိုရရှိနိုင်ပါတယ် တစ်သျှူးကာချားနည်းနဲ့ စမ်းသပ်စိုက်ပျိုးတဲ့ မျိုးအာလူးများကို တူးဖော်ရာမှ ရလဒ်ကောင်းမွန်ပါတဘ်” ဟု နောင်တရားအာလူး စိုက်ပျိုးရေးနှင့် အထွေထွေသမဝါ ယမအသင်းဥက္ကဌက ပြောသည်။
“ကျွန်တော်တို့အာလူးစိုက်ပျိုးတောင်သူများကတော့ မိမိနိုင်ငံမှာ ယခုလို မျိုးအာလူးတွေ ကိုယ်တိုင်ထုတ်နိုင်ရင် နိုင်ငံခြားကနေပြီး မျိုးသွင်းစရာမလိုတော့ဘူး ကုန်ကျစရိတ်တွေအများ ကြီးသက်သာသွားမယ် အထွက်နှုန်းလည်း ပိုများမယ်၊ နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းက ဦးဆောင်ပြီး ယခုလိုစမ်းသပ်စိုက်ပျိုးထုတ်လုပ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” ဟု သိမ်းပြုံးကျေးရွာမှ အာလူးစိုက်ပျိုးသည့် တောင်သူတစ်ဦး ကပြော သည်။
နောင်တရားဒေသပတ်ဝန်းကျင်၌ စိုက်ပျိုးသည့် အာလူးမျိုးများကို နယ်သာလန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေလ့်စ်နိုင်ငံများမှ ဝယ်ယူစိုက်ပျိုးကြသည်။ နယ်သာလန်မျိုးအာလူးများကို တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ကျော်၊ တရုတ်နှင့် ဘင်္ဂလားဒေလ့်စ်နိုင်ငံခြားမှ မျိုးအာလူးများကို တစ်ပိဿာလျှင် ကျပ် ၃၃၀၀ မှ ကျပ် ၄၀၀၀ အထိ ဝယ်ယူတင်သွင်းစိုက်ပျိုးရသည်။ မျိုးအာမခံချက်နှင့် လမ်းခရီးအခက်အခဲများကိုလည်း ကြုံတွေ့နေရသည့် အတွက် ဆင်မပြေမူများရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့