နောင်တရား မေ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်ကျင်ကျေးရွာများ၌ ရေသွင်းအာလူးစိုက်ပျိုးထားသည့် တောင်သူများ မေလအတွင်း တူးဖော်ချိန်တွင် အာလူးဈေးအတက်ဘက်သို့ ဦးတည်လာကြောင်း အာလူးစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
နောင်တရားဒေသတွင် မိုးကြို၊ စက(မိုးနှောင်း)၊ ရေးသွင်းအာလူး စသည်ဖြင့် အာလူးကို သုံးကြိမ် စိုက်ပျိုးကြသည်။ မိုးကြိုအာလူးကို မေလနှင့် ဇွန်လ တွင်လည်းကောင်း၊ စက(မိုးနှောင်း)ကို စက်တင်ဘာလနှင့် အောက်တိုဘာလ တွင်လည်းကောင်း၊ ရေသွင်းအာလူးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တွင်လည်းကောင်း စိုက်ပျိုးကြသည်။ “၂၀၂၄ ခုနှစ်မှာ အာလူးစိုက်ပျိုးရေးစရိတ်ကြီးတယ်လို့ ပြောလို့ရပေမယ့် မျိုးအာလူးတစ်ပိဿာကို ကျပ် ၃၃၀၀ မှ ၃၈၀၀ အထိ ဝယ်ယူစိုက်ပျိုးခဲ့ရတယ် အင်းလေးမှာ သွားရောက်စိုက်ပျိုတဲ့ တောင်သူများ တူးဖော်ချိန်မှ တစ်ပိဿာကို ကျပ် ၁၂၀၀ မှ ၁၅၀၀ အထိဘဲ ရောင်းချရတဲ့အတွက် အရှုံးပေါ်တယ် ပြောလို့ရပါတယ် ယခုနောင်တရားဒေသမှာ စိုက်ပျိုးတဲ့ ရေသွင်းအာလူးကို မေလ အတွင်း တူးဖော်ချိန်မှာ တစ်ပိဿာကို ကျပ် ၁၈၀၀ မှ ၂၀၀၀ အထိ ဈေးပြန်ရနေတော့ ဈေးအတက်ဘက်ဦးတည်လာတဲ့အတွက် အမြက်အနည်းငယ်ကျန်တာပေါ့” ဟုကောင်နာကျေး ရွာမှ အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ မတ်၊ ဧပြီလ မှာတူးဖော်ခဲ့တဲ့ စားအာလူးတွေ ဈေးကောင်းမရခဲ့ဘူး အပူချိန်မြှင့်တာလည်းပါတယ် အာလူး တူးဖော်ချိန်တိုက်ဆိုင်ကြတဲ့အတွက် ရောင်းလိုအား၊ ဝယ်လိုအား မမျှခဲ့ဘူး ရောင်းလိုအားများခဲ့တဲ့အတွက် အာလူးဈေးကျသွားတဲ့ဘက်ရောက် သွားတာပေါ့ ယခု မေလအတွင်းမှာ ဈေးအတက်ဘက်စတင်နေပြီး ဩဂုတ်၊ စက်တင်ဘာလအထိ ဈေးကောင်းမယ်လို့ ထင်ပါတယ် အဲဒီချိန်ထွက်တဲ့အာလူးတွေက အပူချိန် နည်းတဲ့ဒေသက ထွက်တဲ့အာလူးဖြစ်တဲ့အတွက် အထားလည်း ပိုခံပါတယ်” ဟု နောင်တရားမြို့မှ အာလူးကုန်သည်တစ်ဦးကပြောသည်။
၂၀၂၃ခုနှစ် မေလမှ စက်တင်ဘာလအထိ ထွက်ရှိသည့် အာလူးမှာ တစ်ပိဿာလျှင် ကျပ် ၂၈၀၀ မှ ၃၂၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်အတွင်းတွင် အာလူးဈေး ကျပ် ၁၄၀၀ မှ မေလကုန်အတွင်းတွင် ကျပ်၂၀၀၀ အထိ ဈေးစတင်ရရှိလာပြီဖြစ်ပြီး ဈေးအတက်ဘက်သို့ ရောက်ရှိလာသည့်အတွက် အာလူးစိုက်ပျိုးသည့်တောင်သူများ ဝမ်းသာကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့