တောင်ကြီး မေ-၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း အမှတ်စဥ်(၁/၂၀၂၄)နှင့် အခြေခံစာကြည့်တိုက် ပညာသင်တန်း အမှတ်စဥ်(၁/၂၀၂၄)ဖွင့်ပွဲကို မေ(၂၇)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း စာကြည့်တိုက် စုစုပေါင်း(၃၁၀)တိုက် ဖွင့်လှစ်ထားရှိမှုကို သိရှိရပါကြောင်း၊ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များသည် အကြောင်းအမျိုးမျိုးကြောင့် ရှင်သန်ခိုင်မာမှု အားနည်းခဲ့ပါကြောင်း ၊စာကြည့်တိုက်များ ပြန်လည်ရှင်သန်ခိုင်မာရန်အတွက် စံ(၅)ရပ်နှင့် ကိုက်ညီသော စာကြည့်တိုက်များ ပေါ်ထွန်းလာစေရန် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ယခုဖွင့်လှစ်သည့် စာကြည့်တိုက် ပညာဆင့်ပွား သင်တန်းကို တက်ရောက်လာကြသည့် စာကြည့်တိုက် အသီးသီးမှ စာကြည့်တိုက်တာဝန်ခံများ၊ စာကြည့်တိုက်မှူးများ အနေဖြင့် သင်တန်းကနေ သင်ကြားပို့ချပေးမည့် စာကြည့်တိုက်ပညာရပ်များကို စိတ်ပါဝင်စားစွာနှင့် လေ့လာသင်ယူ ကြရန်၊ သင်တန်းပြီးဆုံးသည်အထိ မပျက်မကွက် တက်ရောက်ကြပြီး လက်တွေ့မိမိတို့ တာဝန်ယူဆောင်ရွက်နေကြသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာ စေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
အခမ်းအနားမှူးသင်တန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် အခမ်းအနားများ၊ သင်တန်းဖွင့်ပွဲ၊ ဆင်းပွဲများ ဆောင်ရွက်သည့်အခါ စည်းစနစ် ကျနပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်အခမ်းအနားမှူး ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် အခမ်းအနားမှူး အတတ်ပညာနှင့် ပတ်သက်ပြီး အတွေ့အကြုံ ရင့်ကျက်သည့် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ အခြေခံပညာဦးစီးဌာနမှ ဆရာမနှင့် ပြင်ပမှပညာရှင် များက ပို့ချပေးမည့်ကို သိရှိရပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများကို မှာကြားလိုသည်မှာ ယနေ့ဖွင့်လှစ်လိုက်သည့် သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်အားလုံးကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်၊ သင်တန်းကိုလည်း အစမှအဆုံးအထိ မပျက်မကွက် တက်ရောက်ပေးကြရန်၊ သင်တန်းမှ သင်ကြားပေးလိုက်သည့် အခမ်းအနားမှူး အတတ်ပညာကို မိမိတို့လက်တွေ့ ထမ်းဆောင်ရမည့် ဌာနဆိုင်ရာ နယ်ပယ်အသီးသီးက အခမ်းအနားတွင် အောင်မြင် အောင် ဦးဆောင်နိုင်သည့် အခမ်းအနားမှူးကောင်းများ ဖြစ်စေရန် ကြိုးစားလေ့လာသင်ယူကြရန် ပြောကြားသည်။
ဆက်လက်၍ အခြေခံစာကြည့်တိုက် ပညာသင်တန်းနှင့် အခမ်းအနားမှူး သင်တန်းများအတွက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန်ရွှေမှ လက်ခံရယူပြီး စာရေးကိရိယာပစ္စည်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ထောက်ပံ့ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်းမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ကြပြီး စာကြည့်ခန်းမသို့ ဝင်ရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့